ရန်ကုန်၊ ဩဂုတ် ၂၇
ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ဒေသရှိ ရေဘေးရှောင်စခန်းများတွင် နေထိုင်သော ရေဘေးသင့် ပြည်သူ ၃၅၀၀၀ ခန့်ကို ဆန်နှင့် အားဖြည့် ဘီစကစ်များ ထောက်ပံ့သွားမည်ဖြစ်ကြောင်း ရန်ကုန် – ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က တရားဝင် ထုတ်ပြန်ထားသည်။
၉ နှစ်ကြာပြီးနောက် မြစ်ဝကျွန်းပေါ်ဒေသ ဧရာဝတီတွင် ရေဘေး အကူအညီများကို ရန်ကုန် – ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) သည် ရေကြီးရေလျှံမှုများကြောင့် ရေဘေးသင့် မိသားစုများအတွက် စားနပ်ရိက္ခာအကူအညီများကို ယခုရက်သတ္တပတ်တွင် စတင် ပေးဝေနေပြီဖြစ်ကြောင်း သိရသည်။
ဧရာဝတီတိုင်းရှိ ရေလွှမ်းမိုးခြင်းခံရသည့် နေရာများတွင် ခန့်မှန်း လူဦးရေ ၅၀၀,၀၀၀ ခန့် နေထိုင်လျက်ရှိပြီး လာမည့်နေ့များတွင် WFP အနေဖြင့် ရေဘေးရှောင်စခန်းများတွင် ခိုလှုံနေကြသော ရေဘေးသင့်သူ လူဦးရေ ၃၅,၀၀၀ ခန့်ကို ဆန်နှင့် အားဖြည့်ဘီစကစ်များ ထောက်ပံ့သွားရန် စီစဉ်ထားကာ အထောက်အပံ့နှင့်အတူ လတ်တလောအာဟာရချို့တဲ့မှုကို ကာကွယ်တားဆီးနိုင်ရန်အလို့ငှာ မိခင်နှင့် ကလေးများအတွက် အာဟာရအထောက်အပံ့များကိုပါ တွဲဖက်ပေးအပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
“မြန်မာနိုင်ငံရဲ့ ဆန်အိုးကြီးလို့ တင်စားကြတဲ့ ဧရာဝတီတိုင်းဒေသကြီးဟာ ရေကြီးမှုလို ရာသီဥတုဖြစ်စဉ်တွေကြောင့် အလွန်ထိခိုက်လွယ်တဲ့ ဒေသတစ်ခုပါ။ မကြာသေးမီကဖြစ်ပွားခဲ့တဲ့ ရေလွှမ်းမိုးမှုတွေကြောင့် မိုးစပါးအထွက်နှုန်း သိသိသာသာလျော့ကျသွားစေနိုင်တဲ့ အန္တရာယ်ရှိနိုင်ပါတယ်။ အကျိုးဆက်အနေနဲ့ ထိခိုက်လွယ်သူတွေ၊ အထူးသဖြင့် တစ်နိုင်တစ်ပိုင်လယ်ယာလုပ်ကိုင်သူတွေရဲ့ စားနပ်ရိက္ခာဖူလုံမှုကို ထိခိုက်စေနိုင်ပါတယ်။ ဒီအကျိုးသက်ရောက်မှုဟာ ဧရာဝတီတိုင်းဒေသကြီး တစ်ခုတည်းမှာမဟုတ်ပဲ မြန်မာနိုင်ငံတစ်ဝန်းမှာပါ ပိုပြီးကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လာနိုင်ခြေရှိပါတယ်။ ဒီလိုအခြေအနေတွေကနေ စားနပ်ရိက္ခာပြတ်လပ်မှုတွေဖြစ်မလာစေဖို့ WFP အနေနဲ့ မြန်မြန်ထက်ထက် တုံ့ပြန်လုပ်ဆောင်နေတာဖြစ်ပါတယ်” ဟု WFP ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Sheela Matthew က ပြောသည်။
အဆိုပါရေကြီးရေလျှံမှု မတိုင်ခင်ကပင် ဧရာဝတီတိုင်းတွင် လူဦးရေ ၁.၅ သန်း (စုစုပေါင်း လူဦးရေ၏ လေးပုံတစ်ပုံခန့်) သည် လူသားချင်း စာနာထောက်ထားမှု အကူအညီများ လိုအပ်နေကြောင်း၊ မြန်မာနိုင်ငံ လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များနှင့် တုံ့ပြန်ရေး လုပ်ငန်းစီမံချက် ၂ဝ၂၄ ခန့်မှန်းချက် အရ သိရှိရကြောင်း၊ WFP ၏ မိတ်ဖက် အဖွဲ့အစည်းများထံမှ ကနဦး အစီရင်ခံစာများအရ ဧရာဝတီတိုင်းရှိ လယ်မြေဧက သိန်းနှင့်ချီ ရေနစ်မြုပ်ခဲ့ကြောင်း သိရသည်။
အပြင်းထန်ဆုံး ထိခိုက်ခဲ့ရသော နေရာများတွင် စားနပ်ရိက္ခာ၊ သောက်သုံးရေနှင့် WFP တစ်ကိုယ်ရေ သန့်ရှင်းရေး အကူအညီများ အရေးပေါ် လိုအပ်လျက်ရှိပြီး ရေလွှမ်းမိုးမှုဒဏ်မှ ပြန်လည် ရုန်းထနိုင်အောင် ကြိုးစားလျက်ရှိကြသည့် တစ်နိုင်တစ်ပိုင်လယ်ယာလုပ်ကိုင်သူများကို ကူညီထောက်ပံ့ပေးနိုင်ရန်လည်း အလွန်အရေးပါကြောင်း WFP က ပြောဆိုသည်။
လက်ရှိတွင် WFP သည် ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်းနှင့် မန္တလေးတိုင်းတို့ရှိ ရေဘေးသင့် လူဦးရေ ၁၃၀,၀၀၀ ခန့်ထံ အသက်ကယ်ဆယ်ရေး ရိက္ခာအကူအညီများကို ပေးအပ်ခဲ့ပြီးကြောင်း၊ ရခိုင်ပြည်နယ်တွင်လည်း WFP အနေဖြင့် လိုအပ်ချက်များကိုလည်း လေ့လာဆန်းစစ်လျက်ရှိပြီး အကူအညီပေးရန် အသင့်ပြင်ဆင်ထားလျက်ရှိကြောင်း သိရသည်။
ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်သည် ကမ္ဘာ့အကြီးမားဆုံး လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေး အဖွဲ့အစည်းဖြစ်ကြောင်း၊ အရေးပေါ်အခြေအနေများတွင် လူ့အသက် ကယ်တင်ခြင်းနှင့် စားနပ်ရိက္ခာအထောက်အပံ့များမှတစ်ဆင့် ပဋိပက္ခ၊ သဘာဝဘေး အန္တရာယ်များနှင့် ရာသီဥတုပြောင်းလဲခြင်း အကျိုးသက်ရောက်မှုများမှ ပြန်လည်ထူထောင်ကာ ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုနှင့် သာယာဝပြောမှုတို့ကို ဖော်ဆောင်တည်ဆောက်လျက်ရှိကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar