လက်ပံတန်းမြို့နယ်၊ ရေငံရွာနှင့် အုပ်ဖိုရွာကို စစ်တပ်က ယနေ့ ညပိုင်း ဝင်ရောက် စီးနင်းပြီး မီးရှို့နေပြီး ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားနေ
ရန်ကုန်၊ ဩဂုတ် ၂၇
ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ ရေငံရွာနှင့် အုပ်ဖိုရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ ညပိုင်း ဝင်ရောက် စီးနင်းပြီး မီးရှို့ ဖျက်ဆီးနေကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယားက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ယနေ့ ဩဂုတ်လ ၂၇ ရက်နေ့ ည ၉ နာရီ ၄၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ရေငံရွာနှင့် အုပ်ဖိုရွာကို ဝင်ရောက် စီးနင်း မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ပြီး မြေပြင်တွင်လည်း ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
“ရေငံရွာနဲ့ အုပ်ဖိုစုရွာကို စစ်ခွေးတွေ ဒီနေ့ ည ၉ နာရီ ၄၀ မိနစ်ခန့်မှာ ဝင်ရောက် စီးနင်း မီးရှို့နေတယ်။ မြေပြင်မှာလည်း ထိတွေ့ တိုက်ပွဲတွေ ဖြစ်နေတယ်” ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယားက ပြောဆိုသည်။
အဆိုပါ ရေငံရွာအနီးတွင် ဩဂုတ်လ ၂၄ ရက်နေ့၌ အင်အား ၁၀၀ ကျော်ပါဝင်သည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်က ကြားဖြတ် တိုက်ခိုက်ရာ အကြမ်းဖက် စစ်သား ၂၀ ကျော် သေဆုံးပြီး စစ်သုံ့ပန်း ၁၀ ဦး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။