စဉ့်ကူးမြို့နယ်၊ ပင်လယ်ကြီးရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကိုယ်ဝန်ဆောင် အမျိုးသမီးနှင့် ရင်သွေးငယ် အပါအဝင် ၃ ဦးသေဆုံး
ရန်ကုန်၊ ဩဂုတ် ၂၉
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ပင်လယ်ကြီးရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးနှင့် ရင်သွေးငယ် အပါအဝင် ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဩဂုတ်လ ၂၆ ရက်နေ့ ညနေ ၅ နာရီ ၄၀ မိနစ်ခန့်တွင် ကျောက်မြောင်းဂိတ်မှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ဟောင်ဝှစ်ဇာ လက်နက်ကြီးဖြင့် ၄ ကြိမ် ပစ်ခတ်ခဲ့ရာ စဥ့်ကူးမြို့နယ် ၊ ပင်လယ်ကြီးရွာထိပ် လက်ဖက်ရည်ဆိုင် အနောက်ဘက် ရေကန်ကို ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၃၀ အရွယ် ကိုယ်ဝန်ဆောင် အမျိုးသမီး မဂွမ်းပုံ ၊ ရင်သွေးငယ်နှင့် အသက် ၆၀ နှစ်အရွယ် ဒေါ်ကြည်ဌေးတို့ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရှိရသည်။
“သူတို့ သားအမိတွေ ရေချိုးနေတုန်း ရေကန်ပေါ်ကို လက်နက်ကြီးကျတာ ကိုယ်ဝန်ဆောင်အမျိုးသမီးက မွေးတော့မှာ ရက်စေ့ဖို့ ၈ ရက်လောက်ပဲလိုတော့တာ မိခင်သေတော့ ဗိုက်ထဲက ကလေးလေးက လှုပ်နေတာနဲ့ ခွဲထုတ်လိုက်တာ ကလေးလေးပါ သေဆုံးသွားတယ်” ဟု ဒေသပြည်သူများက ပြောဆိုသည်။
သေဆုံးသူ ၃ ဦး၏ ရုပ်အလောင်းများကို ဩဂုတ်လ ၂၆ ရက်နေ့တွင် သဂြိုလ်လိုက်ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ကျောက်မြောင်းဂိတ်က လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်မှုများ မကြာခဏ ပြုလုပ်နေခြင်းကြောင့် လက်ရှိချိန်တွင် ကျေးရွာနေ ပြည်သူများသည် ဘေးလွတ်ရာထွက်ပြေးးတိမ်းရှောင်နေရကြောင်း သိရသည်။