အာဆီယံ ကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေးတွင် မြန်မာစစ်အုပ်စုကို ဖယ်ရှားပြီး NUG ကို တက်ခွင့်ပေးရန် အရပ်ဘက်အဖွဲ့ ၁၂၂ ခုက တောင်းဆို
ရန်ကုန်၊ ဩဂုတ် ၃၁
လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့တွင် စက်တင်ဘာလ ၄ ရက်နေ့မှ ၇ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် ၂၁ ကြိမ်မြောက် အာဆီယံကာကွယ်ရေး ဦး စီး ချုပ် များအစည်းအဝေးသို့ မြန်မာစစ်အုပ်စုကို တက်ခွင့်မပေးဘဲ မြန်မာပြည်သူလုထုကို ကိုယ်စားပြုသည့် အမျိုးသားညီညွတ်ရေးအစိုး ရ-NUG ကို တက်ခွင့်ပေးရန် အရပ်ဘက်အဖွဲ့ ၁၂၂ ခုက အာဆီယံထံသို့ အိတ်ဖွင့်ပေးစာ ပေးပို့ တောင်းဆိုလိုက်သည်။
ပြည်တွင်းပြည်ပ အရပ်ဘက်အဖွဲ့အစည်း ၁၁၂ ခုက ယမန်နေ့ အာဆီယံကာကွယ်ရေးဝန်ကြီးများထံသို့ ပေးပို့လိုက်သည့် အိတ်ဖွင့်ပေးစာတွင် ၂၁ ကြိမ်မြောက် အာဆီယံကာကွယ်ရေး ဦး စီး ချုပ် များအစည်းအဝေးသို့ မြန်မာပြည်သူလူထု ကိုယ်စားပြုအနေဖြင့် ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ ခေါင်းဆောင်များဖြစ်သော အမျိုးသား ညီညွတ်ရေး အစိုးရကို တက်ရောက်ခွင့်ပေးရန်၊ မြန်မာနိုင်ငံ၏ အစိုးရအဖွဲ့အစည်းများကို တရားမဝင်သိမ်းပိုက်ထားသည့် စစ်အုပ်စု ကိုယ်စားလှယ်များနှင့် ၎င်းတို့ခန့်အပ်ခံများကို အစည်းအဝေးမှ ဖယ်ရှားရန်၊ စစ်အုပ်စုကိုယ်စား လှယ်များနှင့် ၎င်းတို့ခန့်အပ်ခံများအား နောင်လာမည့် AMMTC အစည်းအဝေးများအားလုံးသို့ တက်ရောက်ခွင့် ပိတ်ပင်ရန် တို့ကို တောင်းဆိုထားသည်။
အာဆီယံ အစည်းအဝေးများမှ မြန်မာစစ်တပ်ကို ထုပ်ပယ်ခြင်းမရှိပါက မြန်မာနိုင်ငံ ဒီမိုကရေစီအရေးကို ထောက်ခံအားပေးသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ကိုယ်စားလှယ်များ အနေဖြင့် မြန်မာစစ်အုပ်စုအား ဖယ်ရှားသည့် အချိန်အထိ ယခုအစည်းအဝေးများနှင့် နောင်လာမည့် အစည်းအဝေး အားလုံးကို ဆန့်ကျင်သပိတ်မှောက်ရန် အရပ်ဘက်အဖွဲ့အစည်းများက တိုက်တွန်းတောင်းဆိုသည်။
အကြမ်းဖက် မြန်မာစစ်တပ်က ပြည်သူကို အကာအကွယ်ပေးသည့် လက်နက် ကိုင်တပ်ဖွဲ့ မဟုတ်ကြောင်း၊ အာဏာသိမ်းရန်ကြိုးပမ်းသည့် စစ်အုပ်စု၏ ထိန်းချုပ်မှုအောက်တွင် လည်ပတ်နေသည့် စစ်တပ်ဖြစ်ကြောင်း၊ စစ်အုပ်စုသည် မြန်မာစစ်တပ်အတွင်းတွင် ဖွဲ့စည်းထားသည့် တရားမ၀င် ရာဇ၀တ် အဖွဲ့အစည်းဖြစ်ကြောင်း၊ စစ်အုပ်စုသည် မည်သို့သော အဓိပ္ပါယ်ဖွင့်ဆိုချက်ဖြင့်မဆို အစိုးရတစ်ရပ် မဟုတ်သောကြောင့် ၎င်းစစ်အုပ်စုက ခန့်အပ်ထားသူများသည် အာဆီယံအစည်းအဝေးများတွင် မြန်မာပြည်သူလူထုကို ကိုယ်စားပြုရန် တရားဝင်မှု မရှိကြောင်း အရပ်ဘက်အဖွဲ့များက ဝေဖန်ထောက်ပြထားသည်။
သို့ရာတွင် အာဆီယံက ၂၀၂၁၊ ၂၀၀၂ နှင့် ၂၀၂၃ ခုနှစ်များတွင် ကျင်းပခဲ့သည့် အာဆီယံ ကာကွယ်ရေးဦးစီးချုပ်အစည်းအဝေးများတွင် စစ်အုပ်စုအား မြန်မာနိုင်ငံကို ကိုယ်စားပြုခွင့်ပေးခဲ့ကြောင်း၊ စစ်အုပ်စု ထိန်းချုပ်ထားသည့် ကြည်း၊ ရေ။ လေတပ်များ သည် ပြည်သူလူထုအပေါ် ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်နေသည့်အချိန်တွင် စစ်အုပ်စုအား မြန်မာနိုင်ငံကို ကိုယ်စားပြုခွင့်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ်တွင် အာဆီယံသည် မင်းအောင်လှိုင်ကိုပင် မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် လက်ခံခဲ့ကြောင်း၊ မင်းအောင်လှိုင်နှင့် စစ်တပ် ထိပ်တန်းခေါင်း ဆောင်များအပြင် ၎င်းတို့ ထိန်းချုပ်ထားသည့် စစ်ဘက်ဆိုင်ရာ အဖွဲ့အစည်း အများအပြားကို ယခုအချိန်တွင် ယူကေ၊ ဥရောပသမဂ္ဂ၊ အမေရိကန် ပြည်ထောင်စု နှင့် သြစတြေးလျ တို့က ပိတ်ဆို့ အရေးယူထားကြောင်း အရပ်ဘက်အဖွဲ့များက ဆိုသည်။
ထို့အပြင် အာဏာသိမ်းရန်ကြိုးပမ်းမှု စတင်ချိန်မှစ၍ ယခုအချိန်အထိ မြန်မာစစ်တပ်သည် အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်း အဝေး (ADMM နှင့် ADMM-Plus) တို့၏ လုပ်ငန်းဖွဲ့စည်းပုံများ၏ တရားဝင်အခန်းကဏ္ဍများတွင် ဆက်လက်တာ၀န်ယူဆောင်ရွက် နေသည်ကို ဝမ်းနည်းစွာ တွေ့မြင်ရကြောင်း၊ အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးအဖွဲ့ ADMM-Plus Experts Working Group ၏ လေ့ကျင့်မှုများကို မြန်မာစစ်တပ်နှင့် ရုရှားတို့မှ ပူးတွဲသဘာပတိများအဖြစ် ဩဂုတ်လနှင့် စက်တင်ဘာလများတွင် ပြုလုပ်ခဲ့ကြောင်း၊ ထို့အပြင် ရုရှားနိုင်ငံတွင် ကျင်းပသည့် စစ်ဘက်ဆိုင်ရာ လေ့ကျင့်မှုများတွင် မြန်မာစစ်တပ် ကိုယ်စားလှယ်များသည် ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ (PDF) တို့ကို တိုက်ခိုက်ရာတွင် အသုံးပြုနိုင်သည့် နည်းဗျူဟာများကို ပေါ်ပေါ်တင်တင် ဆွေးနွေးခဲ့ကြောင်း၊ အာဏာသိမ်းရန်ကြိုးပမ်းမှုစတင်ချိန်မှစ၍ စစ်အုပ်စုသည် အာဆီယံလေတပ် ဦးစီးချုပ်များ ညီလာခံနှင့် အာဆီယံရေတပ်ဦးစီးချုပ်များ အစည်းအဝေး နှစ်ခုလုံးကို ဦးဆောင်ခဲ့ကြောင်း၊ စစ်တပ်သည် ၂၀၂၃ ခုနှစ် စက်တင်ဘာလတွင် မြန်မာနိုင်ငံ၌ လေတပ်အကြီး ဦးစီးချုပ်များ ညီလာခံကို လက်ခံကျင်းပခဲ့ပြီး ယခုနှစ်တွင် ရေတပ်အကြီးအကဲများ အစည်းအဝေးကိုလည်း လက်ခံကျင်းပရန် စီစဉ်ထားကြောင်း သိရှိရသည်။
အာဆီယံသည် မြန်မာနိုင်ငံကိုယ်စား စစ်အုပ်စုကိုယ်စားလှယ်များအား အစည်းအဝေးများတွင် ပါဝင်ခွင့်၊ ADMM-Plus စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်ခွင့်ပြုပြီး ပေါင်းစပ်ညှိနှိုင်းရေးကဏ္ဍများတွင် ဆောင်ရွက်ခွင့်ပြုသည့်အခါ အာဆီယံသည် စစ်အုပ်စုအား လွဲမှားသည့် တရားဝင်မှုကို ပေးအပ်ပြီး မြန်မာလူထုအပေါ် စစ်အုပ်စု၏ အကြမ်းဖက်လုပ်ရပ်များကို တိုက်ရိုက်ပံ့ပိုးခြင်းဖြစ်ပြီး ထိုသို့ စစ်အုပ်စုအား ဆက်လက်ထောက်ခံပေးနေမှုသည် မြန်မာနိုင်ငံတွင်းရှိ တင်းမာမှုများကို ပိုမိုလောင်မြိုက်စေပြီး အာဆီယံ၏ သံတမန်ရေး ချဥ်းကပ်မှုနှင့် ကြား၀င်စေ့စပ်ညှိနှိုင်း အပေါ် အများပြည်သူ ယုံကြည်နိုင်မှုကို ပျက်ယွင်းစေကြောင်း အရပ်ဘက်အဖွဲ့များက ဆိုသည်။
စစ်အုပ်စုက မြန်မာပြည်သူလူထုကို ဖိနှိပ်အုပ်ချုပ်နိုင်ရန် ရည်ရွယ်၍ နိုင်ငံအနှံ့တွင် အင်မတန် ရက်စက်ကြမ်းကြုတ်သော ရာဇ၀တ်မှုများကျူးလွန်နေပြီး ယနေ့အချိန်အထိ စစ်တပ်က လူပေါင်း ၅,၅၀၀ ကျော်အား သတ်ဖြတ်ခဲ့ကြောင်း၊ လူပေါင်း ၂၇,၂၀၀ ကျော်အားဖမ်းဆီးခဲ့ကာ ၂၀,၇၀၀ ကျော်အား အကျဉ်းချခဲ့ကြောင်း၊ စစ်တပ်သည် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများ၊ အရပ်သားပြည်သူများကိုပါ ပစ်မှတ်ထားသည့် လေကြောင်း တိုက်ခိုက်မှုများ၊ အမြောက်လက်နက်များဖြင့် ပစ်ခတ်မှုများ၊ လိင်ပိုင်းဆိုင်ရာနှင့် ကျား-မဖြစ်တည်မှု အခြေပြု အကြမ်းဖက်မှုများ၊ အကြီးအကျယ်ညှဉ်းပန်းနှိပ်စက်မှုများနှင့် မီးရှို့မှုများကို ကျူးလွန်ခဲ့သည်။ ယင်းရာဇဝတ်မှုများကြောင့် ယခုအခါ နေရပ်စွန့်ခွာထွက်ပြေးနေရသူပေါင်း ၃ ဒသမ ၂ သန်းကျော်ပြီဖြစ်ကြောင်း၊ အဆိုပါရက်စက်ကြမ်းကြုတ်မှုများသည် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ မြောက်သည့်လုပ်ရပ်များဖြစ်ကြောင်း အရပ်ဘက်အဖွဲ့များက ဆိုကြသည်။
နိုင်ငံတကာ ရာဇ၀တ်ခုံရုံး (အိုင်စီစီ)နှင့် အာဂျင်တီးနားရှိ အပြည်ပြည်ဆိုင်ရာ တရားစီရင်ရေး ရှေ့မှောက်တွင် ရိုဟင်ဂျာများအပေါ် လူမျိုးတုံး သတ်ဖြတ်မှုနှင့် သားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ ကျူးလွန်မှုဖြင့် တရားစွဲဆိုခံထားရသည့် စစ်တပ်ကပင် ကျူးလွန်နေခြင်း ဖြစ်ကြောင်း၊ စစ်အုပ်စုသည် မြန်မာနိုင်ငံ ဥပဒေအရသာမက၊ နိုင်ငံတကာဥပဒေတွင် သတ်မှတ်ထားသည့် အကြမ်းဖက် အဖွဲ့အစည်း အဓိပ္ပါယ်ဖွင့်ဆိုချက်နှင့် ကိုက်ညီနေကြောင်း သိရှိရသည်။
အာဆီယံအစည်းအဝေးများနှင့် အခမ်းအနားများမှ စစ်အုပ်စုကို ဖယ်ထုတ်ရန်နှင့် မြန်မာပြည်သူများကိုယ်စား ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြှောက်ထားသော အစိုးရမှ ကိုယ်စားပြုခွင့်ပေးရန် လိုအပ်ကြောင်း၊ ဤသို့လုပ်ဆောင်ချက်သည် ကုလသမဂ္ဂ အထွေထွေညီလာခံ၌ စစ်အုပ်စုအား မြန်မာနိုင်ငံကို ကိုယ်စားပြုခွင့် မပြုသည့် ဆုံးဖြတ်ချက်နှင့် ကိုက်ညီကြောင်း၊ ယခုတောင်းဆိုချက်သည် မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က တင်ပြခဲ့သည့် စိုးရိမ်ပူပန်မှုများကိုလည်း ပဲ့တင်ထပ်ကြောင်း၊ ၎င်းသည် အာဆီယံ အစည်းအဝေးများတွင် မြန်မာစစ်အုပ်စု၏ ဝန်ထမ်းများကို တက်ရောက်ခွင့်မပြုရန် အကြံပြုထားသညုဟု ထောက်ပြထားသည်။
ထို့အပြင် “စစ်အုပ်စု ဝန်ထမ်းများအား ဖိတ်ကြားခြင်းကို ပြန်လည် မရုတ်သိမ်းပါက အစည်းအ၀ေးမတက်ရောက်ကြရန်” အာဆီယံ အဖွဲ့ဝင်နိုင်ငံများကို တောင်းဆိုလိုကြောင်း၊ ထို့အပြင် အထူးကိုယ်စားလှယ်က “လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးနှင့် မြန်မာပြည်သူများ၏ဆန္ဒကို ထောက်ခံသော အဖွဲ့ဝင်နိုင်ငံများသည် စစ်ကောင်စီ၏ တရားဝင် အစိုးရဖြစ်ကြောင်း မှားယွင်းသောအဆိုကို လူသိရှင်ကြား ဆန့်ကျင်ရန်နှင့် NUG ကို မြန်မာပြည်သူလူထု၏ တရားဝင် ကိုယ်စားလှယ်အဖြစ် အသိအမှတ်ပြုရန်” တိုက်တွန်းသည်။
နိုင်ငံခြားအစိုးရများနှင့် နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် မြန်မာနိုင်ငံနှင့် ဆက်ဆံရေးဆောင်ရွက်သည့်အခါတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအဖြစ်လည်းကောင်း၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ကို အမြင့်ဆုံးအတိုင်ပင်ခံအဖွဲ့အစည်းအဖြစ်လည်းကောင်း၊ သက်ဆိုင်ရာ ပြည်နယ်/ဖက်ဒရယ် ယူနစ်များနှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်း (EROs) များကို အဓိက stakeholder များအဖြစ်လည်းကောင်း အသိအမှတ်ပြုရန် တောင်းဆိုသည်။
အာဆီယံအစည်းအဝေးများအပါအဝင် နိုင်ငံတကာ ကဏ္ဍအားလုံးတွင် မြန်မာပြည်သူများ အား ကိုယ်စားပြုရန် သင့်လျော်သည်မှာ ဒီမိုကရေစီနည်းကျ တင်မြှောက်ထားသော အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ဖြစ်ကြောင်း၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကို [email protected] သို့မဟုတ် ၎င်းတို့၏ တရားဝင် ဝဘ်ဆိုဒ် မှတဆင့် ဆက်သွယ်နိုင်ကြောင်း၊ အကယ်၍ ၎င်းတို့နှင့် ဆက်ဆံရေး မတည် ဆောက်ရသေးပါက လူကြီးမင်းတို့အနေဖြင့် ဆက်ဆံရေး ထူထောင်ရန် တိုက်တွန်းသည်။
ဓာတ်ပုံ- ၂၀၂၃ ခုနှစ်အတွင်း ကျင်းပခဲ့သော အာဆီယံကာကွယ်ရေးဝန်ကြီးများနှင့် ဒေသတွင်းဆိုင်ရာ အစည်းအဝေး တစ်ခု။ (ပုံအဟောင်းဖြစ်ပါသည်။)