ခမောက်ကြီးနှင့် တနင်္သာရီ မြို့နယ်တို့တွင် တိုက်ပွဲ ဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၃ ဦးသေဆုံး၊ စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် နေအိမ်များပျက်စီး
ရန်ကုန်၊ ဩဂုတ် ၃၁
တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်၊ အေးမြသာယာကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ ဩဂုတ်လ ၃၀ ရက် နံနက် ၁၀ နာရီ ၄၀ မိနစ်အချိန်ခန့်က ခမောက်ကြီးမြို့နယ်၊ အေးမြ သာယာကျေးရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကော်သူးလေးအာမီတို့ကြား အပြန် အ လှန် ပစ်ခတ်တိုက်ပွဲ မိနစ် ၂၀ ခန့်ကြာမြင့်ခဲ့ကြောင်း၊ ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား ၃ ဦး သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“မနေ့က အေးမြသာယာကျေးရွာအနီးမှာ ကော်သူးလေအာမီနဲ့ စကစနဲ့ တိုက်ပွဲဖြစ်တာ။ တိုက်ပွဲဖြစ် ချိန်ကတော့ သိပ်ပြီးတော့မကြာဘူး။ မိနစ် ၂၀ လောက်ပဲရှိမယ်။ စကစဘက်က လက်နက်ကြီးတွေနဲ့ ပြန်လည် ပစ်ခတ်တာတွေတော့ရှိတာပေါ့၊ သူတို့ထုံစံအတိုင်းပဲ၊ စကစ ဘက်က ၃ ယောက်သေ တယ်။ သေသွားတဲ့ စစ်သားအလောင်း ၃ လောင်းကို အေးမြသာယာရွာ အုပ်ကြီးရဲ့ ကားနဲ့ နမ်မသွင် စခန်း ဘက်ကို သယ်သွားတယ်။” ဟု ဒေသစစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။
အလားတူ ဩဂုတ်လ ၂၈ ရက် ညနေပိုင်းက တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာ အခြေစိုက် အကြမ်းဖက် စစ်ကောင်စီတပ်၏ ခလရ ၅၆၁ တပ်ရင်းနှင့် ၁ မိုင်ခန့်အကွာ ရှိ ညောင်ပင်ကွင်း အရှေ့ကမ်းရွာကို KTLA-ထီးဆဲ့မယ်ရွာတပ်ရင်းနှင့် မဟာမိတ်တပ်ဖြစ်သော PLA-အမှတ် ၈ စစ်ဒေသမှ ရဲဘော်များက သိမ်းပိုက် ထိန်းချုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ထိန်းချုပ်ပြီးနောက် ဩဂုတ်လ ၂၉ ရက်နေ့ ညနေ ၅ နာရီ ၄၅ မိနစ်ခန့်က ပေ ၂၀၀ ကျော်အလျားရှိ ညောင်ပင်ကွင်းရွာ ကျေးရွာချင်းဆက် တံတား အနောက်ဖက်ခြမ်းရှိ အကြမ်းဖက်စစ်တပ်ကင်းပုန်း စခန်း ကို သွားရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ် တိုက်ပွဲ မိနစ် ၂၀ ခန့်ကြာမြင့်ခဲ့ပြီး ခမရ ၅၆၁ တပ်ရင်းမှ တပ်သား ၁ ဦး ပျူစောထီး ၂ ဦး ထိမှန်ဒဏ် ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ကော်သူးလေအာမီ – KTLA ထီးဆဲ့မယ်ရွာတပ်ရင်းနှင့် မဟာမိတ်တပ်ဖြစ် သော PLA အမှတ် ၈ စစ်ဒေသရဲဘော်များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ ဝင်များ အထိအခိုက်မရှိခဲ့ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်များ၏ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ ပြည် သူ့နေအိမ်အချို့အပေါ်သို့ ကျရောက်ပေါက်ကွဲမှုရှိခဲ့ပြီး ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရသည်။
တနင်္သာရီမြို့နယ်အတွင်း၌ စစ်ရေးတင်းမာလျက်ရှိပြီး အချိန်မရွေးတိုက်ပွဲများဖြစ်ပွားလာနိုင်သဖြင့် စစ်ရေးအသိ၊ သတိဖြင့် သွားလာနေထိုင်ပေးကြပါရန် ကော်သူးလေးအာမီက အသိပေး ပြောဆိုထားသည်။