27 C
Yangon

စက်သုံးဆီနှင့်စားအုန်းဆီ တင်သွင်းမှုများကို ပို့ကုန်ရငွေရှိမှသာ တင်သွင်းခွင့်ပြုရန် စစ်ကောင်စီက မူဝါဒ ပြောင်းလဲလိုက်ပြီး ပို့ကုန်ရငွေ လုံလောက်စွာရရှိသည့် ကာလအထိ လိုအပ်သော ဒေါ်လာများကို အကန့်အသတ်ဖြင့် ရောင်းချပေးမည်

Must read

စက်သုံးဆီနှင့်စားအုန်းဆီ တင်သွင်းမှုများကို ပို့ကုန်ရငွေရှိမှသာ တင်သွင်းခွင့်ပြုရန် စစ်ကောင်စီက မူဝါဒ ပြောင်းလဲလိုက်ပြီး ပို့ကုန်ရငွေ လုံလောက်စွာရရှိသည့် ကာလအထိ လိုအပ်သော ဒေါ်လာများကို အကန့်အသတ်ဖြင့် ရောင်းချပေးမည်

🟥 လာမည့် အနာဂတ်တွင် စက်သုံးဆီ၊ စားအုန်းဆီ အပါအဝင် ပြည်ပသွင်းကုန်များ ရှားပါးလာတော့မည်ဖြစ်ပြီး လက်ရှိတွင် ဆေးဝါးများ ပြတ်လပ်နေ

ရန်ကုန်၊ စက်တင်ဘာ ၆

မြန်မာနိုင်ငံအတွင်းသို့ စက်သုံးဆီနှင့်စားအုန်းဆီ တင်သွင်းမှုများကို ပို့ကုန်ရငွေ (Export Earning) ရှိမှသာလျှင် တင်သွင်းခွင့်ပြုရန် စစ်ကောင်စီက မူဝါဒ ပြောင်းလဲလိုက်ပြီး လက်ရှိ ပို့ကုန်ရငွေ လုံလောက်စွာ ရရှိသည့်ကာလအထိ လိုသော နိုင်ငံခြားငွေ ဒေါ်လာများကို စစ်ကောင်စီက အကန့်အသတ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီ၏ နိုင်ငံခြားသုံးငွေကြီးကြပ်မှု ကော်မတီ အစည်းအဝေး အမှတ် ၆၇ / ၂၀၂၄ က ထိုသို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် ပြည်တွင်းသို့ စက်သုံးဆီနှင့်စားအုန်းဆီ တင်သွင်းမှု လျှော့ချရန်အတွက် ပို့ကုန်ရငွေ ရှိမှသာလျှင် စက်သုံးဆီနှင့် စားအုန်းဆီ တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း သိရှိရသည်။

သို့ရာတွင် လတ်တလော ပို့ကုန်ရငွေများ လုံလောက်စွာ မရရှိသေးသည့်အချိန်ဖြစ်၍ စစ်ကောင်စီက လိုအပ်သော နိုင်ငံခြားငွေ ဒေါ်လာများကို အကန့်အသတ်ဖြင့်သာ ဆက်လက် ရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ စက်သုံးဆီနှင့် စားအုန်းဆီ တင်သွင်းရန် လိုအပ်သော နိုင်ငံခြားငွေများကို ကုန်သွယ်မှုရရှိသော ဝင်ငွေ၏ ၇၅ ရာခိုင်နှုန်း၊ ဓာတ်သတ္တုနှင့် သယံဇာတ ကုန်စည်းများမှ ရရှိသော ဝင်ငွေ ၇၅ ရာခိုင်နှုန်း၊ CMP လုပ်ငန်းများမှ ရရှိသော ဝင်ငွေ ၇၅ ရာခိုင်နှုန်းအနက်မှ Exempted ကုမ္ပဏီများ၊ MIC ကုမ္ပဏီများကို စိစစ်ချန်လှပ်၍ ကျန်ငွေများကို ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

“ပို့ကုန်ရငွေရှိမှ သွင်းကုန် တင်သွင်းခိုင်းတဲ့ မူဝါဒ အပြောင်းအလဲက ပြည်တွင်းမှာ နောက်ပိုင်း စက်သုံးဆီရော၊ စားအုန်းဆီရော၊ ဆေးဝါးတွေရော ပြည်ပသွင်းကုန်မှန်သမျှ ရှားပါးလာမယ့် လက္ခဏာဖြစ်ပါတယ်။ စစ်တပ်ရဲ့ ထုတ်ပြန်ချက်အရလည်း အချိန်အတိုင်းအတာတစ်ခုအထိပဲ ဒေါ်လာကို ရောင်းပေးနိုင်တော့မယ်လို့ ကြေညာအသိပေးနေပြီဖြစ်ပါတယ်။ နောက်ပိုင်းမှာ ပို့ကုန်ရငွေ ရှိမှ သွင်းကုန်သွင်းတာလက်ခံမှာဖြစ်လို့ အခြေအနေက ရှားပါးတဲ့ခေတ်ကို ပြန်သွားနေပြီလို့ပြောလို့ရတယ်။ ပြည်တွင်းမှာလည်း အပ်တောင်မှ ထုတ်နိုင်တာမှမဟုတ်တာ။ အကုန် သွင်းကုန်နဲ့ပဲ စားနေရတာဆိုတော့ ပိုပြီး ခက်ခဲလာမယ့်သဘောဖြစ်ပါတယ်။ ဒေါ်လာကတော့ ရေရှည်မှာ ပိုပြီးရှားပါးလာမယ့် သဘောပဲ” ဟု UMFCCI မှ စီးပွားရေးသမားတစ်ဦးက သုံးသပ်ပြောဆိုသည်။

လက်ရှိတွင် စစ်ကောင်စီက စက်သုံးဆီများကို အကန့်အသတ်ဖြင့်ရောင်းချပြီး စက်သုံးဆီတင်သွင်းမှုများကို လျှော့ချနိုင်ရေးအတွက် ဆီဝယ်ယူခွင့် စမတ်ကတ်စနစ်ကို မကြာမီ တစ်နိုင်ငံလုံးတွင် ကြေညာစတင်တော့မည်ဖြစ်ကြောင်း သိရှိရသည်။ ဆီဝယ်ယူခွင့် စမတ်ကတ် စနစ် စတင်ပါက မြန်မာနိုင်ငံသို့ စက်သုံးဆီတင်သွင်းမှုများကိုလည်း ၃ ပုံ ၁ ပုံခန့် စစ်ကောင်စီက လျှော့ချသွားမည်ဖြစ်ကြောင်း သိရှိရသည်။

လတ်တလော စားအုန်းဆီကိုလည်း ဆီထုတ်ယူခွင့် စာအုပ်များဖြင့်သာ ရောင်းချပေးနေပြီး စားအုန်းဆီတင်သွင်းမှု တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ သန်း ၆၀၀ ကို ထက်ဝက်ကျော် အမေရိကန်ဒေါ်လာ သန်း ၃၀၀ ဝန်းကျင်အထိ လျှော့ချရန် ဦးတည် လုပ်ဆောင်နေကြောင်း သိရှိရသည်။

စစ်ကောင်စီ၏ စက်သုံးဆီနှင့် စားအုန်းဆီများ အပါအဝင် ပြည်ပသွင်းကုန်များ လျှော့ချရေး မူဝါဒအရ လာမည့် အနာဂတ်တွင် စက်သုံးဆီနှင့် စားအုန်းဆီ အပါအဝင် ပြည်ပသွင်းကုန်များ ရှားပါးလာမည်ဖြစ်ကြောင်း UMFCCI မှ စီးပွားရေးသမားက သုံးသပ်ပြောဆိုသည်။

စစ်ကောင်စီက သွင်းကုန်မူဝါဒ အပြောင်းအလဲကြောင့် မြန်မာနိုင်ငံအတွင်းသို့ ဆေးနှင့်ဆေးဝါးပစ္စည်းများ တင်သွင်းနိုင်ခြင်းမရှိတော့ ပြည်တွင်းတွင် ဆေးဝါး ပြတ်လပ်မှုနှင့် ဆေးပစ္စည်း ရှားပါးမှုများ အကြီးအကျယ်ဖြစ်ပေါ်နေပြီဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article