25.4 C
Yangon

ရန်ကုန်ရှိ မြို့နယ်များတွင် အုပ်ချုပ်ရေးမှူးများက စစ်မှုထမ်း ဥပဒေ အကြောင်းပြ၍ ငွေကြေးတောင်းရမ်းမှုများ ပိုများလာပြီး ရှေ့တန်း မထွက်ရဟုဆိုကာ လိမ်လည် စည်းရုံးမှုများပါ လုပ်ဆောင်လာ

Must read

ရန်ကုန်၊ စက်တင်ဘာ ၆

ရန်ကုန်မြို့ရှိ မြို့နယ်များတွင် အုပ်ချုပ်ရေးမှူးများက စစ်မှုထမ်း ဥပဒေ အကြောင်းပြ၍ ငွေကြေးတောင်းရမ်းမှုများ ပိုများလာပြီး ရှေ့တန်း မထွက်ရဟုဆိုကာ လိမ်လည် စည်းရုံးမှုများပါ လုပ်ဆောင်လာကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၁ ရက်နေ့တွင် ရွှေပြည်သာမြို့နယ်၌ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပြည်သူ ၅ ဦးကို စစ်မှုထမ်းရန် အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားပြီး တစ်ဦးလျှင် ငွေကျပ် ၅ သိန်း တောင်းခံခဲ့ပြီး ငွေကြေး မပေးနိုင်သူများ စစ်မှုထမ်းရမည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးခံရသူများထဲမှ ၂ ဦးသာ ငွေကျပ် ၅ သိန်းပေးဆောင်နိုင်၍ ပြန်လည် လွတ်မြောက်လာပြီး ကျန် ၃ ဦးကို စစ်မှုထမ်းရန် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရသည်။

ထို့ပြင် ဘုရင့်နောင်နှင့် မရမ်းကုန်း ၁ ရပ်ကွက် အုပ်ချုပ်ရေးမှူး စိန်ဝင်းမြင့်သည် စစ်မှုထမ်းရန် စစ်တပ်ထံ ပို့ဆောင်ပေးရမည့် ပြည်သူ ၅ ဦး လိုအပ်နေ၍ ဘုရင့်နောင် ပွဲရုံ၏ ပုဂ္ဂလိက အဖွဲ့အစည်းမှ ညလုံခြုံရေး ၅ ဦးကို ရှေ့တန်းမထွက်ရဘဲ ရန်ကုန်တွင် လုံခြုံရေး တာဝန် ပြန်ယူရမည်ဟုဆိုကာ စစ်တပ်မှ ပေးသော လစာ ၃ သိန်းနှင့် ဘုရင့်နောင် ညလုံခြုံရေးမှ ပေးသော လစာပါရမည်ဟု ပြောဆိုပြီး စစ်မှုထမ်း ပို့ဆောင်ရန် ပြင်ဆင်နေကြောင်း သိရသည်။

“စိန်ဝင်းမြင့်က လစာ ၂ မျိုး ရမယ်ဆိုပြီး စည်းရုံး သိမ်းသွင်းပြီး စစ်မှုထမ်း ၂၀ ပြည့်အောင် စုပြီး ပို့မယ်လို့ သိရပါတယ်။ လုပ်မဲ့ ညလုံခြုံရေးတွေကလည်း လစာ ၂ မျိုးကို မက်လို့ လုပ်မယ်လို့လည်း သိရတယ်” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။

အလားတူ လှိုင်သာယာမြို့နယ် အရှေ့ပိုင်း ရှမ်းချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဇော်မြင့်၏ လက်ပါးစေများက အကြမ်းဖက် စစ်တပ် အလိုကျ တပ်ထိပ် ၅၃၄ တပ်တွင် စစ်သင်တန်း တက်ရောက်နေကြပြီး ဒေသခံပြည်သူများဖြစ်၍ ရှေ့တန်း မထွက်ရဟုဆိုကာ အကြမ်းဖက် စစ်တပ်၏ ပြောဆိုမှုများကို ယုံကြည်နေကြောင်း သိရသည်။

“သူတို့က တက်ကြွနေကျတာ ရှေ့တန်း မထွက်ရဘူးဆိုပြီး ဒါပေမယ့် ရှမ်းချောင်းကျေးရွာက လူငယ် ၁ ဦးပဲ စစ်တပ်က ပေးနေတဲ့ နေ့စား တစ်သောင်း စားပြီး လိုက်ရင်းကနေ လှိုင်သာယာမှာပဲ ကင်းပြန်ကျတာ နောက်တော့ ရှေတန်းပို့ခံရပြီး အခုတော့ သေသွားပါပြီ တိုက်ပွဲမှာ လုံလောက်တဲ့ မက်လုံးပေး စည်းရုံးပြီးတော့ တပ်သားသစ် စုဆောင်းခြင်းကိုပါ စစ်တပ်က လုပ်ဆောင်လာနေပြီ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် တွံတေးမြို့နယ်၊ အာကလကျေးရွာ အုပ်ချူပ်ရေးမှူး ဝင်းရွှေ က ခတ္ထိယကျေးရွာအုပ်စုအပိုင်မှ အသက် ၃၅ နှစ် မှ ၆၅ နှစ်အရွယ်ရှိ ဒေသပြည်သူများကို စစ်မှုထမ်းရန် အစည်းအဝေးခေါ်ကာ တက်ရောက်သူမရှိသောကြောင့် လူစားထည့်ပေးမည်ဟုဆိုကာ တစ်အိမ်ကို လစဉ် ငွေကျပ် ၃၈၀၀၀ ပေးဆောင်ရမည်ဟု ဆိုကာ အတင်းအဓမ္မ လိုက်လံကောက်ခံနေကြောင်း သိရသည်။

ကောက်ခံသည့် ငွေကြေး မပေးဆောင်နိုင်သူများကို စစ်တပ်ခေါ်၍ မီးရှို့ခိုင်းမည်ဟုဆိုကာ ခြိမ်းခြောက်နေကြောင်း၊ ဝင်းရွှေ သည် အကြမ်းဖက် စစ်တပ်က ခန့်အပ်ထားသော အုပ်ချုပ်ရေးမှူးဖြစ်ပြီး အာကလကျေးရွာတွင် လူငယ် အများအစု ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

တွံတေးမြို့နယ်ဘက်မှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ကျေးရွာများဘက်ကို လကုန်ရက်များတွင် ဆင်းလာပြီး ဆိုင်ကယ်များ၊ သုံးဘီးများကို ဖမ်းဆီးကာ ဖုန်းများ စစ်ဆေးပြီး VPN ပါသော ဖုန်းကို သိမ်းဆည်း၍ အာကလကျေးရွာ အုပ်ချူပ်ရေးမှူး ဝင်းရွှေထံတွင် ငွေကျပ် ၅၀၀၀၀နှင့် ၁၀၀၀၀၀ ဖြင့် ပြန်ရွေးရကြောင်း သိရသည်။

“စစ်ခွေးတွေက VPN တွေ စစ်တယ်။ ဖုန်းသိမ်းတယ်။ အုပ်ချုပ်ရေးမှူး ဝင်းရွှေ အိမ်မှာ သွားပြန်ရွေးခိုင်းပါတယ်။ စက်ရုံ ဖယ်ရီကားတွေကိုလည်း အလုပ်သမားတွေ ကားပေါ်က ဆင်းခိုင်းပြီး ဖုန်းတွေ ယူစစ်တယ်။ ပြီးရင် ပိုက်ဆံနဲ့ ဝင်းရွှေ အိမ်မှာ ပြန်ရွေး ရတယ်။ စစ်ခွေးတွေနဲ့ အတိုင်အဖောက်ညီနေတာပဲ” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article