31 C
Yangon

စစ်တွေမြို့မှ စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ပေါက်တောမြို့အတွင်းရှိ ကျေးရွာနှင့်ရပ်ကွက်များအတွင်းသို့ ကျရောက်ပေါက်ကွဲပြီး လူနေအိမ်များ ပျက်စီး

Must read

စစ်တွေမြို့မှ စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ပေါက်တောမြို့အတွင်းရှိ ကျေးရွာနှင့်ရပ်ကွက်များအတွင်းသို့ ကျရောက်ပေါက်ကွဲပြီး လူနေအိမ်များ ပျက်စီး

ရန်ကုန်၊ စက်တင်ဘာ ၇

ရခိုင်ပြည်၊ စစ်တွေမြို့မှ စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ပေါက်တောမြို့အတွင်းရှိ ကျေးရွာနှင့်ရပ်ကွက်များအတွင်းသို့ ကျရောက်ပေါက်ကွဲပြီး လူနေအိမ်များ ပျက်စီးကြောင်း ဒေသပြည်သူများ၏ ပြောဆိုချက်နှင့် AA ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

ယမန်နေ့ စက်တင်ဘာလ ၆ ရက်နေ့၊ နံနက် ၁၀ နာရီ ၄၇ မိနစ်အချိန်တွင် စစ်တွေမြို့ရှိ ဖက်ဆစ် စစ်ကောင်စီ၏ တပ်စခန်းတစ်ခုဖြစ်သော အမှတ် ၁၂ ရဲတပ်ရင်း ကလည်းကောင်း၊ ယမန်နေ့ နံနက် ၁၀ နာရီ (၅၇) မိနစ်တွင် စစ်တွေ၊ ပွိင့်ရေတပ်စခန်းမှ လည်းကောင်း စစ်ကောင်စီသည် ပေါက်တောမြိုအတွင်းသို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ရပ်ရွာများအတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ လူနေအိမ်အချို့ ပျက်စီးခဲ့ကြောင်း AAက သတင်းထုတ်ပြန်သည်။

“စစ်တွေမြို့ပတ်လည်မှာရှိနေတဲ့ ရေတပ်၊ တပ်ရင်းတွေ၊ ရဲစခန်းတွေ၊ ပွိုင့် စတဲ့ နေရာပတ်ပတ်လည်ကနေ ပစ်တာပါ။ အမြောက်၊ အတွဲလိုက်ဒုံးတွေနဲ့ ပစ်ကြတယ်။ ပစ်တာက တော်တော်ကို ကြောက်စရာကောင်းတယ်” ဟုဒေသပြည်သူတစ်ဦးက ပြောသည်။

ယမန်နေ့ စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးများမှာ စုစုပေါင်း အလုံးရေ ၂၀ ကျော်ဖြစ်ပြီး ပေါက်တောမြို့နယ်ဘက်သို့ ကျရောက်မှုရှိခဲ့ကြောင်း ပေါက်တော ဒေသခံတစ်ဦးက ဆိုသည်။

“ပစ်တာက အရေအတွက် ၂၀ ကျော်လောက်တော့ ကြားရတယ်။ ပေါက်တောဘက်ကို ကျတယ်။ ပေါက်တော မြို့အနီးပတ်ဝန်းကျင်၊ တောင်းဖူး၊ တောင်ဦးမော် ရွာနားဝန်းကျင်တွေမှာကျတယ်။ လူထိခိုက်တာတော့ မသိရသေးဘူး။ ” ဟု ပြောသည်။

စစ်တွေမှ စစ်ကောင်စီတပ်ရင်းများက ပေါက်တောမြို့နယ်ဘက်သို့ လက်နက်ကြီးများ မကြာခဏလှမ်းပစ်ခတ်ပြီး ထိုပစ်ခတ်မှုကြောင့် ပေါက်တောဒေသခံများမှာ ထိခိုက်သေဆုံးခြင်း၊ နေအိမ်အဆောက်အအုံများပျက်စီးမှုရှိကြောင်း သိရသည်။

လက်ရှိ လက်နက်ကြီးများအပြင်းထန်ပစ်ခတ်မှုပြုလုပ်နေသည့် စစ်တွေမြို့နယ်တွင် ပြီးခဲ့သည့် ရက်ပိုင်းခန့်ကလည်း ဝါဘိုကျေးရွာဘက်တွင် နှစ်ဖက်ပစ်ခတ်မှုများရှိခဲ့ကြောင်းနှင့် အဆိုပါရက်ပိုင်းခန့်ကပင် မင်းလှကျေးရွာဘက်တွင်လည်း AA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article