33 C
Yangon

ရခိုင်ပြည်ကို ဗဟိုအစိုးရက ဦးဆောင်သော တစ်ပြည်ထောင်စနစ်ဖြင့် အုပ်ချုပ်မည်ဖြစ်ပြီး နောင်မှ အရည်အချင်း၊ စွမ်းဆောင်ရည်နှင့် လုပ်ပိုင်ခွင့်ပေါ်မူတည်၍ အာဏာခွဲဝေသည့် စနစ်ကျင့်သုံးမည်ဟု AA စစ်ဦးစီးချုပ်ပြောဆို

Must read

🟥 ရခိုင်ရှိ ၁၈ မြို့နယ်အနက်မှ ၁၁ မြို့နယ်ကို သိမ်းပိုက်ထားပြီး ကျန်မြို့နယ်များအားလုံးကိုလည်း AA က တိုက်ခိုက်သိမ်းပိုက်သွားမည်

ရန်ကုန်၊ စက်တင်ဘာ ၁၃

ရခိုင်ပြည်ကို ကနဦးကာလအတွင် ဗဟိုအစိုးရက အာဏာအများစု ရယူထားသည့် တစ်ပြည်ထောင်စနစ်ဖြင့် အုပ်ချုပ်မည်ဖြစ်ပြီး နောင်မှ အရည်အချင်း၊ စွမ်းဆောင်ရည်နှင့်လုပ်ပိုင်ခွင့်ပေါ်မူတည်၍ အာဏာခွဲဝေသည့်စနစ်ကျင့်သုံးမည်ဟု AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က The Diplomats နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောဆိုထားသည်။

ရခိုင်ပြည်ကို တစ်ပြည်ထောင်စနစ် Unitary State System ဖြင့် အုပ်ချုပ်သွားမည်ဟု အာရက္ခတပ်တော် AA စစ်ဦးစီးချုပ် (တပ်မှူးချုပ်) ဗိုလ်ချုပ်ထွန်းမြတ်နိုင်က The Diplomat သတင်းဌာန အင်တာဗျူးတွင် ပြောဆိုထားသည်။

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို The Diplomat သတင်းဌာနမှ အွန်လိုင်းက အင်တာဗျူးထားပြီး ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့က ဖော်ပြခဲ့သည်။

အစောပိုင်းမှာ ဗဟိုချုပ်ကိုင်မှုဖြင့် တစ်ပြည်ထောင်အစိုးရကို ထူထောင်ပြီး နောက်ပိုင်းတွင် အစိုးရအလွှာအသီးသီးထံ ခွဲဝေသွားနိုင်ခြေရှိကြောင်း ဗိုလ်ချုပ်က ပြောသည်။

“ULA က ရှေ့ဆောင်ပါတီအဖြစ် ခေါင်းဆောင်တဲ့ တစ်ပြည်ထောင်စနစ် (Unitary State System) တစ်ရပ် ရှိပါလိမ့်မယ်။ စစ်တပ်ကတော့ ပါတီရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိမှာပါ။ ကနဦးအပိုင်းမှာ ဗဟိုချုပ်ကိုင်မှုကို ဦးစားပေးတဲ့ တစ်ပြည်ထောင်အစိုးရ တစ်ရပ်ကို ထူထောင်ပြီးမှ နောက်ပိုင်းမှာ အရည်အချင်းနဲ့ လုပ်ငန်း ဆောင်ရွက်ချက်တွေအပေါ် မူတည်ပြီး အုပ်ချုပ်ရေးအာဏာကို အစိုးရအလွှာအသီးသီးဆီ ခွဲဝေသွားနိုင်ခြေရှိပါတယ်။” ဟု AA စစ်ဦးစီးချုပ်က ပြောဆိုသည်။

အာရက္ခတပ်တော် AA အနေဖြင့် ရခိုင်ပြည်ရှိ မြို့နယ် ၁၈ ခုမှ စစ်ကောင်စီတပ်များအားလုံးကို တိုက်ထုတ်နေပြီး လက်ရှိတွင် မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ရသေ့တောင်၊ ဘူးသီးတောင်၊ သံတွဲ၊ ရမ်းဗြဲနှင့် ပလက်ဝဒေသ စသည့် မြို့နယ် ၁၁ ခုကို သိမ်းပိုက်ထိန်းချုပ်ထားပြီဖြစ်ဖြစ်ကြောင်း၊ ကျန်မြို့နယ်များအားလုံးကိုလည်း တိုက်ခိုက်သိမ်းပိုက်သွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုသည်။

AA ထိန်းချုပ်ထားသည့် မြို့နယ်များတွင် ပိုကောင်းသော အုပ်ချုပ်ရေးစနစ်တစ်ခုကို ဖြည်းဖြည်းနှင့် မှန်မှန် စတင်ထူထောင်နေပြီဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဆက်လက်ပြောသည်။

“ရခိုင်စစ်မျက်နှာမှာ ၁၈ မြို့နယ်ထဲက ၁၁ မြို့နယ်ကို လွတ်မြောက်အောင် ကျွန်တော်တို့ လုပ်နိုင်ခဲ့ပါပြီ။ ကျန်တဲ့မြို့နယ်တွေ လွတ်မြောက်ရေးအတွက် ဆက်လုပ်နေဆဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာလည်း ပိုကောင်းတဲ့ အုပ်ချုပ်ရေးစနစ်တစ်ရပ်ကို ဖြည်းဖြည်းနဲ့မှန်မှန် စတင်ထူထောင်နေပါတယ်။ သင့်တော်ကောင်းမွန်တဲ့ အုပ်ချုပ်ရေးတစ်ရပ် ထူထောင်ရတာဟာ စစ်ရေးစစ်ရာတွေလိုပဲ ထပ်တူအရေးကြီးတယ်လို့ ကျွန်တော်တို့ ယူဆပါတယ်။ စစ်ရေးနယ်ပယ်မှာ ကျွန်တော်တို့ အောင်ပွဲရထားသလိုပဲ “အုပ်ချုပ်ရေးအောင်ပွဲ” တစ်ရပ်လည်း မဝေးလှတဲ့ အနာဂတ်မှာ ကျွန်တော်တို့ လိုအပ်ပါတယ်။” ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောသည်။

လုံခြုံရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ သယ်ယူပို့ဆောင်ရေးနှင့် တရားစီရင်ရေးတို့လို အရေးပါသော ပြည်သူ့ဝန်ဆောင်မှုများ ထောက်ပံ့ပေးနိုင်ရန်အတွက် ဆီလျော်မည့် အုပ်ချုပ်ရေးပုံစံတစ်ရပ် ထူထောင်ရခြင်းမှာ ULA/AA အတွက် တကယ့်ကို လုပ်ရကိုင်ရကျပ်သည့် တာဝန်တစ်ရပ်ဖြစ်သည်ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဆိုသည်။

ရခိုင်ပြည်သူလူထုမှာ အလွန်ရဲရင့်ပြီး ခံနိုင်ရည်ရှိကြသူများဖြစ်ပြီး ရခိုင်ပြည်သူများ၏ ထောက်ခံအားပေးမှုမပါဘဲ ULA/AA သည် ယခုအခြေအနေအထိ စွမ်းဆောင်နိုင်မှာ မဟုတ်ကြောင်းနှင့် ၆ နှစ်ကျော်ကြာလာသည့် စစ်ပွဲကာလသည် အာရက္ခပြည်သူများအတွက် ခက်ခဲသည့်ကာလဖြစ်ခဲ့ကြောင်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောသည်။

“အဓိကကတော့ ကုန်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေးနဲ့ ခရီးသွားလာရေးတွေကို စစ်ကောင်စီက ပိတ်ဆို့ထားတဲ့အတွက် ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ကျွန်တော်တို့ရဲ့ ခေတ်သစ်သမိုင်းထဲက အခက်ခဲဆုံးကာလကို ဖြတ်ကျော်နိုင်ခဲ့ပြီဖြစ်ပြီး ကျွန်တော်တို့လက်ထဲက အာရက္ခပြည်ရဲ့ အနာဂတ်ကို ပုံဖော်ထုဆစ်ဖို့ဟာ ကျွန်တော်တို့ရဲ့တာဝန် ဖြစ်တယ်ဆိုတာကိုတော့ သတိပြုဖို့ အရေးကြီးပါတယ်။ ကျွန်တော်တို့မှာ ဆန်ရှိတယ်။ ဟင်းသီးဟင်းရွက်၊ ငါး ရှိတယ်။ ဒါတွေဟာ ကျွန်တော်တို့ပြည်သူတွေကို စားနပ်ရိက္ခာ ထောက်ပံ့ဖို့အတွက် ယာယီအားဖြင့် လုံလောက်ပါတယ်။ တိုက်ပွဲတွေက ဆက်ရှိနေတာ ဖြစ်တဲ့အတွက် ဒေသတွင်းက အသိုင်းအဝိုင်းတွေ အားလုံးမှာ ပုံမှန်မဟုတ်တဲ့ စိန်ခေါ်မှုတွေတော့ ရှိနိုင်ပါသေးတယ်။” ဟု ဆိုသည်။

AA စစ်ဦးစီးချုပ်က အမျိုးသားညီညွတ်ရေးအစိုးရ-NUG ကို မြန်မာနိုင်ငံရေးတွင် အရေးကြီးအခန်းကဏ္ဍမှ ပါဝင်နေသည်ဟု ရှုမြင်ကြောင်း၊ သို့ရာတွင် NUG နှင့် AA တို့အကြား သဘောထားကွဲလွဲမှု တချို့ရှိကြောင်း၊ အထူးသဖြင့် ရခိုင်ပြည်၏ ပြည်တွင်းရေးနှင့်ပတ်သက်ပြီး အမြင်မတူမှုများရှိကြောင်း၊ ချမှတ်ထားသော ပေါ်လစီများအပေါ် မူတည်၍ NUG နှင့် AA အကြား မတူညီသော အကျိုးစီးပွား၊ ဦးတည်ရာများရှိနေကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ULA/AA ၏ အဓိက ရည်ရွယ်ချက်မှာ ရခိုင်ပြည်နှင့် လူမျိုးအတွက် အမျိုးသား ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရန် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအတွင်း အခြားသော လူမျိုးစု အစိုးရများနှင့် အကျိုးပြုသော ဆက်ဆံရေးကို ထူထောင်ရေး ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို မျှော်မှန်းကြောင်း၊ မြန်မာနိုင်ငံရှိ အဓိက ပါဝင်နေသူများနှင့် ဖက်ဒရယ်ပြည်ထောင်စု ရည်မှန်းချက်များကို လိုက်လျောညီထွေဖြစ်စေရန် မျှော်လင့်ကြောင်း၊ လက်ရှိ ပထမဦးစားပေးမှာ ရခိုင်ပြည်ကို အချုပ်အခြာအာဏာ ခိုင်ခံ့ရေး၊ ငြိမ်းချမ်းသာယာဝပြောပြီး ဂုဏ်သိက္ခာရှိသော ဒေသတစ်ခုအဖြစ် လူ့အဖွဲ့အစည်းအားလုံးမှ နေထိုင်သူတိုင်း တန်းတူညီမျှအခွင့်အရေးများ ရရှိကြပြီး တူညီသောတာဝန်များကို လိုက်နာဆောင်ရွက်ကြရန်ဖြစ်ကြောင်း AA စစ်ဦးစီးချုပ်က ပြောဆိုသွားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article