28 C
Yangon

တောင်ငူတွင် စစ်တောင်းမြစ်ရေက စိုးရိမ်ရေမှတ်အထက် ၇ ပေ ကျော်နေပြီး ၃ ပေ ရေထပ်တက်မည်ဟု မိုး/ဇလသတိပေးကာ တောင်ငူမြို့သို့ ရေများ ဝင်ရောက်၊ ဘားအံတွင်လည်း စိုးရိမ်ရေအမှတ် ၈ ပေခွဲအထိ ရေမြင့်တက်နိုင်

Must read

တောင်ငူတွင် စစ်တောင်းမြစ်ရေက စိုးရိမ်ရေမှတ်အထက် ၇ ပေ ကျော်နေပြီး ၃ ပေ ရေထပ်တက်မည်ဟု မိုး/ဇလသတိပေးကာ တောင်ငူမြို့သို့ ရေများ ဝင်ရောက်၊ ဘားအံတွင်လည်း စိုးရိမ်ရေအမှတ် ၈ ပေခွဲအထိ ရေမြင့်တက်နိုင်

ရန်ကုန်၊ စက်တင်ဘာ ၁၄

ပဲခူးတိုင်း၊ တောင်ငူမြို့တွင် စစ်တောင်းမြစ်ရေက စိုးရိမ်ရေမှတ်အထက် ၇ ပေ ကျော်လွန်နေပြီး နောက် ၁ ရက်အတွင်း ၃ ပေ ထပ်တက်မည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယမန်နေ့ညပိုင်း သတိပေးချက် ထုတ်ပြန် သည်။

တိုင်းထွာချက်များအရ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့တွင် ယင်းမြို့၏ စိုးရေရမှတ် ၁၉ ဒသမ ၆၉ ပေ (၆၀၀ စင်တီမီတာ) အထက်သို့ ၇ ပေခန့် ကျော် လွန်ရောက်ရှိနေကြောင်း၊ အဆိုပါ မြစ်ရေသည် နောက် ၁ ရက်အတွင်း ၃ ပေခန့် မြင့်တက်လာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ် အထက် ဆက်လက် တည်ရှိနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ် ပြန် သည်။

လတ်တလော တောင်ငူမြို့အတွင်းသို့ ယမန်နေ့ ညပိုင်း ရေများ ဝင်ရောက် လာပြီး မြို့၏ နေရာတချို့ကိုပါ ရေဖုံးလွှမ်းနေကြောင်း၊ တောင်ငူမြို့နယ်အတွင်း ကျေးရွာအများအပြား ရေမြုပ်နေပြီး အထူးသဖြင့် စစ်တောင်းမြစ်ကမ်းဘေးဝဲယာ ကျေးရွာများအားလုံး ရေကြီးမှုဒဏ်ခံနေရကြောင်း၊ ကယ်ဆယ်ရေး လုံ လောက်မှု မရှိဘဲ ပြည်သူများမှာ အရေးပေါ် ကယ်ဆယ်ရေးနှင့်ကူညီရေးများ လိုအပ်နေဆဲဖြစ်ကြောင်း သိရှိရသည်။

“စစ်တောင်းမြစ် အပေါ်ဘက် ရွာတွေတချို့မှာတော့ ရေက နည်းနည်းလေး ပြန်ကျတယ်။ အောက်ဘက်က ရွာတွေမှာတော့ ရေတိုးနေတုန်းပဲ။ လက်ရှိသိထားသလောက်တော့ ရွာတွေ တော်တော်များများ အကူအညီလိုနေတယ်။ မိုႈကောင်း၊ အင်း၀ိုင်းအနောက်ဘက်၊ ရွှေလေးအင်းကျေးရွာ၊ ထုံးဘို၊ ဒိုးသောင်အုပ်စု၊ သရက်တောရွာ၊ ရွာသစ်ကုန်းရွာ၊ခပေါင်းရွာ စတဲ့ ရွာတွေဘက်ကတော့ အကူအညီတွေ အရမ်းတောင်းနေတယ်။ လှေ မလုံလောက်တာရယ်၊ ရေစီးကြမ်းနေတာရယ်ကြောင့် ကယ်ဆယ်ရေးကတော့ ထင်တိုင်းမပေါက်ဘူး။ သစ်ပင်တွေပေါ်မှာ မျောပါပြီး တင်နေတဲ့ လူတွေလည်းရှိနေတယ်။ ချုပ်ပြောရရင်တော့ တောင်ငူက အခြေအနေဆိုးတယ်” ဟု တောင်ငူမြို့မှ ကယ်ဆယ်ရေး ပရဟိတအဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အလားတူ ဘားအံမြို့တွင်လည်း သံလွင်မြစ်ရေသည် လက်ရှိ စိုးရေရိမ်မှတ်အထက် ၆ ပေခွဲကျော် ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း ၁ ပေခွဲခန့် စုစု ပေါင်း ၈ ပေ နီးပါး ထပ်မံမြင့်တက်လာနိုင်ကြောင်း၊ ယင်းမြို့၏ စိုးရေရိမ်မှတ်အထက်တွင် ဆက်လက်တည်ရှိနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်သည်။

” ဘားအံ- မော်လမြိုင်လမ်း၊ ဘားအံ- မြိုင်ကလေးလမ်း၊ဘားအံကမ်းနားလမ်း ပိတောက်လမ်း အကုန်ရေကျော်နေပြီ။ ကားတွေ သွားမရတော့ဘူး။ ဘားအံမြို့နယ်အတွင်းက ရွာတွေမှာတော့ ရေက အတော်ကို ကြီးနေတာ။ နှစ်ထပ်အိမ်တောင် မြုပ်လို့ ကယ်ဆယ်ရေး လုပ်ဖို့ အကြောင်း ကြားတာတွေလည်းရှိနေတယ်” ဟု ဘားအံမြို့မှ လူမှုရေး တက်ကြွလှုပ်ရှားသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဓာတ်ပုံ- ယမန်နေ့ညပိုင်း တောင်ငူမြို့ ဘုရင့်နောင်စျေးနှင့် တောင်ငူမြို့နယ်အတွင်းရှိ ကျေးရွာများအတွင်းသို့ ရေများ ဝင်ရောက်နေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article