နတ်တလင်းမြို့နယ်တွင် ကင်းလှည့်ရန် ဆိုင်ကယ်ဖြင့် ထွက်လာသော ရဲများကို မိုင်းဆွဲ တိုက်ခိုက်မှု ၁ ဦး သေဆုံး၊ မိုင်းကွဲမှု ဖြစ်ပွားသည့် နေရာအနီးမှ ပြည်သူ ၆ ဦးကို စစ်တပ်က ဖမ်းဆီးသွား
ရန်ကုန်၊ စက်တင်ဘာ ၁၆
ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်တွင် ကင်းလှည့်ရန် ဆိုင်ကယ်ဖြင့် ထွက်လာသော ရဲများကို မိုင်းဆွဲ တိုက်ခိုက်ရာ ၁ ဦး သေဆုံးပြီး မိုင်းကွဲမှု ဖြစ်ပွားသည့် နေရာအနီးမှ ပြည်သူ ၆ ဦးကို စစ်တပ်က ဖမ်းဆီးသွားကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
စက်တင်ဘာလ ၁၄ ရက်နေ့တွင် နတ်တလင်းမြို့နယ်၊ တောင်ညိုကွက်သစ် ရဲစခန်းမှ ကင်းပတ်ရန်ထွက်လာသော ဒုရဲအုပ်ဖြိုးဝလင်းနှင့် ရဲတပ်သား ၈ ဦးသည် ဆိုင်ကယ် ၅ စီးဖြင့် ကင်းပတ်ရန် ထွက်လာစဉ် သာယာဝတီ ခရိုင် တပ်ရင်း -၃၈၀၁,တပ်ခွဲ (၂) က အောင်ရတနာရပ်ကွက်အတွင်း ဝင်ရောက် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း ရဲ ၃ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ပြီး တောင်ညိုတိုက်နယ် ဆေးရုံမှ ပြည် ဆေးရုံသို့လွှဲပြောင်းခဲ့ကြောင်း၊ ထိုသို့ လွှဲပြောင်းပြီးနောက် ရဲ ၁ ဦး သေဆုံးကာ ကျန် ၂ ဦး သည် ပြည်ဆေးရုံတွင် ခွဲစိတ်ကုသမှုခံယူနေကြောင်း သိရှိရသည်။
ထိုမိုင်းဆွဲ တိုက်ခိုက်မှု ဖြစ်ပွားသော နေရာကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက အင်အား ၁၀၀ ခန့်ဖြင့် ရောက်ရှိလာပြီး ပြည်သူ ၆ ဦးကိုလည်း အကြောင်းမဲ့ ဖမ်းဆီးသွားကာ ပြည်သူ ၃ ဦးကို လက်ရှိချိန်ထိ ပြန်လွှတ် ပေးခြင်း မရှိသေးကြောင်း သိရသည်။
စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်ပေါ်ထွန်းလာသည် အထိရည်ရွယ်ကာ ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေဖြင့် အကြမ်းဖက် စစ်အာဏာရှင်စစ်တပ်နှင့် လက်ပါးစေ ဒေါက်တိုင်မှန်သမျှကို ဆက်လက်တိုက်ခိုက် ချေမှုန်းတိုက်ခိုက်သွားမည်ဖြစ်ကြောင်း ပဲခူးတိုင်း သာယာဝတီခရိုင် အမှတ်(၁) တပ်ရင်း-၃၈ဝ၁ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။