ဒီပဲယင်းမြို့ပေါ်တွင် တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ
ရန်ကုန်၊ စက်တင်ဘာ ၁၆
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ပေါ်တွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း အဖြူရောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ယနေ့ စက်တင်ဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် ဒီပဲယင်းမြို့ပေါ်ရှိ ကုန်းသာဦးကျောင်းတွင် အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒီပဲယင်းမြို့နယ် အဖြူရောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ) အဖွဲ့မှ ရဲဘော်များက လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်း ပစ်ခတ် တိုက်ခိုက်မှု အပြီးတွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနေဆဲ ဖြစ်ကြောင်း သိရှိရသည်။
“စစ်ခွေး ထိခိုက်သေဆုံးမှု အတိကျတော့ မသိသေးပါဘူး။ အသေပျောက်ကတော့ ရှိနိုင်ပါတယ်” ဟု အဖြူရောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။