24.8 C
Yangon

ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် မြန်မာအလုပ်သမား ၁၀၀ ဦးကို ရွှေရတနာဖြိုး ပြည်ပအလုပ်အကိုင်အေဂျင်စီက ဝန်ဆောင်ခယူစေလွှတ်သော်လည်း အလုပ်မရ၍ အလုပ်သမားများအားလုံး ဒုက္ခရောက်နေပြီး ကယ်ကူသူမဲ့နေ

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၇

ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် ရွှေရတနာဖြိုး ပြည်ပအလုပ်အကိုင်အေဂျင်စီက မြန်မာအလုပ်သမား ၁၀၀ ဦးကို ဝန်ဆောင်ခယူစေလွှတ်သော်လည်း ထိုင်းနိုင်ငံရောက်ရှိချိန် အလုပ်မရ၍ အလုပ်သမားများအားလုံး ဒုက္ခရောက်နေကြောင်း အလုပ်သမားများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဩဂုတ်လ ၂၉ ရက်နေ့ ရွှေရတနာဖြိုး ပြည်ပအလုပ်အကိုင်အေဂျင်စီက မြန်မာအလုပ်သမား ၁၀၀ ဦးကို MOU စနစ်ဖြင့် မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ ပို့ဆောင်ခဲ့ကြောင်း၊ အလုပ်သမားတစ်ဦးလျှင် အေဂျင်စီ ဝန်ဆောင်ခ ငွေကျပ် သိန်း ၄၀ ၊ လေယာဉ်လက်မှတ်ဖိုး ၁၀ သိန်းခွဲ၊ အသက် အာမခံကြေး ၄ သောင်းကျပ်၊ သွေးစစ်ခ ၂ သောင်းခွဲကျပ် စုစုပေါင်း အလုပ်သမားတစ်ဦးလျှင် ၅၁ သိန်း ၁ သောင်းကုန်ကျခဲ့ကြောင်း၊ ထိုင်းနိုင်ငံရောက်ရှိချိန်တွင်လည်း အလုပ်စမတ်ကြေးဟုဆိုကာ ထိုင်းဘတ်ငွေ ၅၀၀၀ ထပ်မံတောင်းခံကြောင်း သိရှိရသည်။

“မြန်မာပြည်မှာတုန်းကလည်း ဝန်ဆောင်ခတွေ အပါအဝင် စရိတ်စက စုစုပေါင်း ၅၁ သိန်း ၁ သောင်းပေးခဲ့တယ်။ ထိုင်းရောက်တော့ အလုပ် စမတ်ကြေးဆိုပြီး ဘတ် ၅၀၀၀ ထပ်တောင်းတယ်။ ဒါပေမယ့် အခုထက်ထိ အလုပ်လည်းမရဘူး။ အလုပ်လည်းမရှိဘူး။ အခု အေဂျင်စီက ငှားထားတဲ့ အယုဒ္ဓက အဆောင်တစ်ခုမှာထားတယ်။ ဒီနေ့ ကျနော်တို့ရောက်တာ ရက်ပေါင်း ၂၀ နီးပါးရှိတော့မယ် အလုပ်က မရဘူး” ဟု အလုပ်သမားတစ်ဦးက ဆိုသည်။

အလုပ်သမား ၁၀၀ မှာ အလုပ်မရသည့်အတွက် ရန်ကုန်ရှိ ရွှေရတနာဖြိုး ပြည်ပ အလုပ်အကိုင်အေဂျင်စီကို ဖုန်းဆက်၍ အဆင်ပြေအောင် ဆောင်ရွက်ပေးရန် မေတ္တာရပ်ခံရာ ဆောင်ရွက်ပေးခြင်းမရှိသည့်အပြင် တိုင်ချင်ရာ တိုင်ဟုပင် ပြောဆိုခဲ့ကြောင်း သိရှိရသည်။

“ကျနော်တို့မှာ အလုပ်မရသေးလို့ ပို့ပေးတဲ့ ရွှေရတနာဖြိုး အေဂျင်စီ ကိုဖုန်းဆက်ပြီးတော့ ပြောတော့ အေဂျင်စီဘက်က တိုင်ချင်တဲ့နေရာတိုင်လို့ရတယ်ဆိုပြီး ပြန်ပြောတယ်။ ကျနော်တို့တင်မဟုတ်ပါဘူး။ ရွှေရတနာဖြိုး အေဂျင်စီနဲ့ လာတဲ့ ကနီး အလုပ်သမားတွေလည်း အလုပ်မရကြဘူး။ အဲဒီလိုအခြေအနေဖြစ်နေပါတယ်” ဟု ထိုင်းရောက် မြန်မာအလုပ်သမားများက ရှင်းပြသည်။

အကြမ်းဖက်စစ်ကောင်စီက ပြည်ပအလုပ်သမားများထံမှ အခွန်ရရှိရေး အထူးဦးစားပေးပြီး ပြည်ပရောက် အလုပ်သမားများ၏ အခက်အခဲများကို ဖြေရှင်းပေးမှုမရှိဘဲ အလုပ်အကိုင်အေဂျင်စီများဘက်မှ ရပ်တည်နေသဖြင့် မြန်မာအလုပ်သမားများ ဒုက္ခရောက်နေရသည်ဟု ထိုင်းရောက် မြန်မာအလုပ်သမားများက ဆိုကြသည်။

ဓာတ်ပုံ – ထိုင်းနိုင်ငံသို့ မြ၀တီနယ်စပ်မှတစ်ဆင့် MOU စနစ်ဖြင့် သွားရောက် အလုပ်လုပ်ကြသည့် မြန်မာအလုပ်သမားများ။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ထိုင်းနိုင်ငံသို့ မြ၀တီနယ်စပ်မှတစ်ဆင့် MOU စနစ်ဖြင့် သွားရောက် အလုပ်လုပ်ကြသည့် မြန်မာအလုပ်သမားများ။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article