24.8 C
Yangon

အင်းတော်ရဲစခန်းနှင့် ထွေ/အုပ်ရုံးကို သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်က ပြည်သူ ၁၀၀၀ ကျော်ကို ဓားစာခံ ဖမ်းဆီးထား၊ မြို့နယ်သံဃာ မဟာနာယကအဖွဲ့က ပြည်သူများကို ပြန်လွှတ်ပေးရန် စစ်တပ်ကို ပန်ကြားသော်လည်း ပြန်မလွှတ်

Must read

အင်းတော်ရဲစခန်းနှင့် ထွေ/အုပ်ရုံးကို သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်က ပြည်သူ ၁၀၀၀ ကျော်ကို ဓားစာခံ ဖမ်းဆီးထား၊ မြို့နယ်သံဃာ မဟာနာယကအဖွဲ့က ပြည်သူများကို ပြန်လွှတ်ပေးရန် စစ်တပ်ကို ပန်ကြားသော်လည်း ပြန်မလွှတ်

ရန်ကုန်၊ စက်တင်ဘာ ၁၇

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်တွင် အင်းတော်မြို့ရဲစခန်းနှင့် ထွေ/အုပ်ရုံးကို သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်က ပြည်သူ ၁၀၀၀ ကျော်ကို ဓားစာခံ ဖမ်းဆီးထားကာ အင်းတော် မြို့နယ်သံဃာ မဟာနာယကအဖွဲ့က ပြည်သူများကို ပြန်လွှတ်ပေးရန် စစ်တပ်ကို ပန်ကြားထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စု ဝန်ကြီးချုပ်ရုံးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

သြဂုတ်လ ၁၆ ရက်နေ့မှစတင်၍ အမှတ် ၁ စစ်ဒေသကွပ်ကဲမှုဖြင့် PDF၊ ပကဖများက အင်းတော်မြို့သိမ်းတိုက်ပွဲကို စတင်ခဲ့ရာ သြဂုတ်လ ၂၄ ရက်နေ့တွင် အင်းတော်မြို့မရဲစခန်းနှင့် ထွေအုပ်ရုံးကို သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ အင်းတော် ရဲစခန်းနှင့်ထွေအုပ်ရုံးမှ ဆုတ်ခွာသွားသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များက အင်းတော်မြို့ရှိ ဒေသအခေါ် ဂျပန်လှိုဏ်ဂူတွင် တပ်မ ၇၇ ၏ ရှေ့တန်းဌာနချုပ်အဖြစ် ခံစစ်စည်း ပြင်ဆင်ထားကြောင်း၊ ထို့ပြင် ဂျပန်လှိုဏ်ဂူနှင့်မြေမျက်နှာသွင်ပြင် တစ်ဆက်တည်း ရှိနေပြီး မီတာ ၉၀၀ ကျော်သာ ကွာဝေးသည့် အင်းတော် မြို့မဘုန်းကြီးကျောင်းတွင် ပြည်သူ ၁၀၀၀ ကျော်ကို လူသားဒိုင်း အဖြစ် အသုံးချရန်ရည်ရွယ်ကာ ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရှိရသည်။

ထို့ကြောင့် စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီးထားသော ပြည်သူ ၁၀၀၀ ကျော်ကို လွှတ်ပေးရန် အင်းတော်မြို့နယ်၊ သံဃနာယ ကအဖွဲ့က ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့ ရက်စွဲဖြင့် စစ်ကောင်စီတပ်သို့ မေတ္တာရပ်ခံစာ ထုတ်ပြန်ပေးပို့ခဲ့သော်လည်း ယနေ့ စက်တင်ဘာ ၁၇ ရက်နေ့အထိ ပြည်သူများကို စစ်တပ်က ပြန်လွှတ်ပေးခြင်းမရှိဘဲ လူသားဒိုင်းအဖြစ် ဖမ်းဆီး အသုံးပြုနေဆဲ ဖြစ်ကြောင်း သိရှိရသည်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့များက အင်းတော် မြို့မ ဘုန်းကြီးကျောင်းဝင်းအတွင်းရှိ ပြည်သူများကို အဆိုပါအရပ်မှ စွန့်ခွာ၍ ဘေးကင်းလုံခြုံရာသို့ အမြန်ဆုံးထွက်ခွာနိုင်ရန် အသိပေးထားပြီး ထွက်ခွာ လာသော ပြည်သူများ၏ အသက်အန္တရာယ် ဘေးကင်းလုံခြုံရေးအတွက် ကာကွယ်သွားမည် ဖြစ်ကြောင်း စာထုတ်ပြန် ပန်ကြား ထားသည်။

“အင်းတော်မှာ ဒီဘက်က ထိုးစစ်ဆင်နေတာကို စစ်တပ်က လူသားဒိုင်းအဖြစ် ပြည်သူ ၁၀၀၀ ကျော်ကို ဖမ်းထားတာရှိတယ်။ မြို့နယ် သံဃာမဟာနာယကအဖွဲ့လည်း ပြည်သူတွေကို ပေးပြန်ဖို့ မေတ္တာရပ်ခံတယ်။ PDF တွေကလည်း ပြန်ထွက်လာတဲ့ ပြည်သူတွေကို ဘေးကင်းလုံခြုံရေး အာမခံတယ်ဆိုတာ စာထုတ်တယ်။ ကျနော်တို့ဘက်က စာတွေလည်းကျဲထားတယ်။ ဒါပေမယ့် စစ်တပ်က အခုအချိန်အထိ ပြည်သူတွေကို ဖမ်းထားဆဲပဲ” ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စု ဝန်ကြီးချုပ်ရုံးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အင်းတော်မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က မြို့မှ နေအိမ်များကို မီးရှို့မှု၊ လက်နက်ကြီး များဖြင့် ပစ်ခတ်မှုများကြောင့် အောင်‌ မေတ္တာ ရပ်ကွက်သစ်တွင် နေအိမ် ၁၁ လုံး၊ အောင်ဇေယျရပ်ကွက် တွင် နေအိမ် ၄ လုံး၊ အောင်ချမ်းသာရပ်ကွက်တွင် နေအိမ် ၁၉ လုံး၊ အောင်မေတ္တာရပ်ကွက်တွင် နေအိမ် ၃ လုံး၊ အောင်မင်္ဂလာရပ်ကွက်တွင် နေအိမ် ၃ လုံး၊ ယာဥ်နားတန်းရပ်ကွက်တွင် နေအိမ် ၄၂ လုံး၊ ဝင်ဒါမီယာရပ်ကွက်တွင် နေအိမ် ၁၃ လုံး၊ကြာအင်းရွာတွင် နေအိမ် ၃ လုံး စုစုပေါင်း ပြည်သူ့နေအိမ် ၉၈ လုံး မီးလောင်ပျက်စီးသွားခဲ့ပြီး ပလီကျောင်းဆောင်၊ အင်းတော် မြို့မစျေးတို့လည်း မီးလောင် ပျက်စီး ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article