27 C
Yangon

မင်းပြားမြို့နယ်၊ ဖုံသာချောင်းတွင် ရေကြီးနေပြီး အိမ်ခြေ ၂၀၀ ကျော် မျောပါသွားကာ လူသေဆုံးမှုရှိ

Must read

မင်းပြားမြို့နယ်၊ ဖုံသာချောင်းတွင် ရေကြီးနေပြီး အိမ်ခြေ ၂၀၀ ကျော် မျောပါသွားကာ လူသေဆုံးမှုရှိ

ရန်ကုန်| စက်တင်ဘာ ၁၈

ရခိုင်ပြည် မင်းပြားမြို့နယ် ဖုံသာချောင်းမှာ ရေကြီးမှုကြောင့် ချောင်းတစ်လျှောက်ရှိ ရွာပေါင်း ၁၃ ရွာကျော်က အိမ်ခြေ ၂၀၀ ကျော် ရေနှင့်မျောပါသွားပြီး လူသေဆုံးမှုများလည်း ရှိကြောင်း သေသခံများ၏ ပြောဆိုချက်အရ သိရသည်။

ဖုံသာချောင်းသည် ရခိုင်ရိုးမနှင့် အလွန်နီးကပ်သော ချောင်းတစ်ခုဖြစ်ပြီး ပြီးခဲ့သည့် တစ်ပတ်ခန့်က ရခိုင်ရိုးမတောင်ပေါ် မိုးသည်းထန်စွာရွာသွန်းခဲ့၍ ယခုရက်ပိုင်းအတွင်း ချောင်းရေမြင့်တက်ကာ ရေကြီးနေခြင်းဖြစ်သည်။

ပရဟိတလူငယ် ကိုဝေဟင်အောင်က ” ရေကြီးနေတာ ၃ ရက်လောက်ရှိပြီ။ လေးမြို့မြစ်က ဆင်းလာတဲ့ရေနဲ့ ရခိုင်ရိုးမတောင်ပေါ်က ဆင်းလာတဲ့ရေတွေကြောင့် ဖုံသာချောင်းမှာ ရေလွှမ်းနေတယ်။ ကျေးရွာ ၂၆ ရွာလောက်ရှိတဲ့အထဲ ၁၃ ရွာက အိမ်ခြေ ၂၀၀ ကျော် ရေထဲမျောပါသွားတယ်။ လူတစ်ယောက်လည်း ရေနစ်မြုပ်သေသွားတယ်။ အခု တတ်နိုင်သလောက် အကူအညီပေးဖို့ လုပ်နေပါတယ်။ ” ဟု ပြောသည်။

မင်းပြားမြို့နယ်မှာ ဖုန်းလိုင်း ပြတ်တောက်နေ၍ သေဆုံးသူမှာ အမျိုးသား၊ အမျိုးသမီး ခွဲခြား မသိရကြောင်းနှင့် အသက်အရွယ်ကို မသိရသေးသော်လည်း သေဆုံးသွားသည်ကို အတည်ပြုနိုင်သည်ဟု ကိုဝေဟင်အောင်က ဆိုသည်။

ဖုံသာချောင်းထဲက ရေနစ်မြုပ်နေသည့် ကျေးရွာများမှာ ကိုင်းကြီး၊ ကျေးမကြီး၊ ကျေးမချေ၊ ကြွီးချောင်း၊ ပြင်ချောင်း၊ ပြင်ဝ၊ သရက်အုပ်၊ င/လင်းကြီး၊ နတ်ထောက် (ရွာသစ်/ရွာဟောင်း)၊ ရွာသာ ယာ၊ ခချီးမြောင် (အောက်၊ အထက်)၊ ဇိုင်ချောင်း စသည့်ကျေးရွာများဖြစ်ကြသည်။

မင်းပြားဒေသခံတစ်ဦးက ” ဖုံသာချောင်းရေ ပေါက်တယ်လို့ ခေါ်တာပေါ့နော်။ ဒေသအခေါ်အရလေ။ တောင်ကျရေများလို့ ဖုံသာချောင်းပေါက်ပြီဆို ချောင်းကမ်းနားရွာတွေ၊ ချောင်းနဲ့ တောင်ကြားမှာရှိတဲ့ရွာတွေ အကုန်လုံး ရေမြုပ်တာပါပဲ။ ” ဟု ပြောသည်။

ရေထဲမျောပါ နေအိမ်များမှ မိသားစုဝင်များအပါအဝင် အခြားသော နေအိမ်များမှ စုစုပေါင်း လူပေါင်း ၂၀၀၀ ကျော် ရေဘေးသင့်နေပြီး အများစုမှာ ချင်းလူမျိုးများဖြစ်ကြောင်း ကူညီကယ်ဆယ်ရေးလုပ်သူများထံမှ သိရသည်။

ကိုဝေဟင်အောင်က ” ဖုံသာချောင်းက နှစ်စဉ် ရေကြီးတာ ဆိုပေမယ့် အခု ထူးထူးခြားခြား ဖုံသာချောင်းတစ်ခုပဲ ရေကြီးတာဆိုတော့ တောင်တရုတ်ပင်လယ်မှာ ဖြစ်နေတဲ့ မုန်တိုင်းအရှိန်တွေဟာ ရခိုင်ရိုးမကိုလည်းထိတော့ မိုးတအားရွာတော့ တောင်ကျရေတွေကြောင့် ဖုံသာချောင်း ရေကြီးတာဖြစ်ပါတယ်။ ” ဟု ပြောသည်။

ယခုနှစ် မိုးရာသီထဲ ရေကြီးရေလျှံဖြစ်ပွားမှု နှစ်ကြိမ်ရှိပြီဖြစ်ပြီး ပထမအကြိမ်မှာ လယ်ယာမြေများ၊ စပါးစိုက်ခင်းများ၊ ပျိုးပင်များ ပျက်စီးခဲ့သလို ယခု ဒုတိယအကြိမ်တွင် နေအိမ် အများအပြား ပျက်စီးခဲ့ရကြောင်း ဖုံသာချောင်းထဲမှ စိတ္တရကျေးရွာသားတစ်ဦးက ပြောသည်။

“နှစ်စဉ်ကတော့ ရေနစ်တဲ့ ဒဏ်ကို ခံရတာပဲလေ။ ဒီနှစ်ကတော့ အခုတစ်ကြိမ်ဆိုရင် ရေနစ်တာ နှစ်ခါ ရှိပြီး ပထမအချိန်မှာ လယ်မြေတွေ တော်တော်ပျက်စီးသွားတယ်။ ပြင်ပြီးတော့ စပါးပင်စိုက်ရတာတွေ၊ ကြဲရတာတွေရှိတယ်။ အခုတစ်ကြိမ်မှာတော့ ဖုံသာချောင်းထဲက နေအိမ်တွေ တော်တော်များများ ရေနစ်တဲ့ အထဲပါသွားတယ်။ ရေစီးက အရမ်းကြမ်းတယ်။ လူတွေအသေနည်းတာက ကြိုရွှေ့ပြောင်းထားလို့ပဲ” ဟု ပြောသည်။

ရခိုင်ရိုးမတောင်ပေါ်တွင် မိုးရွာသွန်းမှု ဆက်လက်ရှိနေသေး၍ ဖုံသာချောင်းမှာ ရေထပ်မြင့်တက်နိုင်ကာ အထူးဂရုစိုက်ရန်နှင့် လေးမြို့မြစ်ရေမှာလည်း မကျသေးကြောင်း သိရသည်။

ဓာတ်ပုံ – ရေနစ်မြုပ်နေကြသော မင်းပြားမြို့နယ် ဖုံသာချောင်းထဲက ကျေးရွာများမှ နေအိမ်များအား တွေ့ရစဉ်။ (ဓါတ်ပုံ – CJ)

(Western News သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article