31 C
Yangon

အကျဉ်းထောင်များတွင် စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ နိုင်ငံရေးအကျဉ်းသားနှင့်အကျဉ်းသူများကို နည်းလမ်းမျိုးစုံဖြင့် သတ်ဖြတ်နေ

Must read

အကျဉ်းထောင်များတွင် စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ နိုင်ငံရေးအကျဉ်းသားနှင့်အကျဉ်းသူများကို နည်းလမ်းမျိုးစုံဖြင့် သတ်ဖြတ်နေ

By သိုက်ထွန်းဦး

၂၀၂၄ ခုနှစ်အတွင်း ထောင်အာဏာပိုင်များက နိုင်ငံရေးအကျဉ်းသားများ အပါအဝင် အကျဉ်းသားများအတွက် ဆေးဝါးပို့ဆောင်ခွင့် ကန့်သတ်လိုက်သည့်အတွက် အကျဉ်းသားများအတွက် လိုအပ်သည့်ဆေးဝါးများပို့ဆောင်ရန် ခက်ခဲလာပြီး ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေများ အလွန်ဆိုးရွားလာနေသည်။

အကျဉ်းထောင်တွင်း မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသားများနှင့် နိုင်ငံရေးအကျဉ်းသူများအတွက် ကျန်းမာ ရေးစောင့်ရှောက်မှု၊ ဆေးဝါးကုသခွင့်ရရှိရေးမှာလည်း တဖြည်းဖြည်း အလှမ်းဝေးလာကာ အသက်ဆုံးရှုံးနိုင်မှု အခြေအနေမှာလည်း ပိုမိုမြင့်မားလာနေကြောင်း အကျဉ်းထောင်အတွင်း ရရှိသော သတင်းနှင့် မှတ်တမ်းများအရ သိရှိရသည်။

ထောင်တွင်း အကျဉ်းသားများ သေဆုံးလျှင် ပြင်ပရှိ ကျန်ရစ်သူ မိသားစုအတွက် ကြီးမားသော ဆုံးရှုံးမှုဖြစ်သော်လည်း အကျဉ်းဦးစီးဌာနအတွင်းတွင်မူ စာရွက် တစ်ရွက်ပေါ်တွင် ၉၆ ပါး ရောဂါဖြင့် သေဆုံးသွားကြောင်း ရေးသား၍ အထက်ဌာနများ နှင့် မိသားစုကို စာပေးပို့ရုံဖြင့် ဖြေရှင်းခွင့်ရှိသည့် အခြေအနေများကို စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ ဖန်တီးထားသည်။

ထို့အတူ ထောင်တွင်း၌ ဆေးဝါးမလုံလောက်ခြင်း၊ ဆေးဝါးစောင့်ရှောက်မှုလုံလောက်စွာမပေးခြင်း ၊ ထောင်တွင်း ကျန်းမာရေး အရေးပေါ် ဖြစ်သည့် အခါများတွင် ဆရာဝန်များ အချိန်မှီလာရောက်ကြည့်ရှု ကုသမှု မရရှိခြင်း၊ထောင်တွင်း နာတာရှည်ရောဂါခံစားနေရသူ နိုင်ငံရေးအကျဉ်းသားများကို ထောင်ပြင်ပ ‌ဆေးရုံများသို့ သွားရောက်ကုသခွင့် မရခြင်းတို့ကြောင့် လစဉ် နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူများ အသက်ပေးနေကြရသည်။

ထို့ပြင် ထောင်ပြင်ပရှိ ဆေးရုံများသို့ ဆေးကုသခွင့်ရရန်အတွက် ထောင်အာဏာပိုင်များမှ တဆင့် စစ်ကောင်စီအဆင့်ဆင့်သို့ စာရေးသား တင်ပြရသည်ဖြစ်ရာ အချိန်အားဖြင့် အနည်းဆုံး သုံးလမှ ကိုးလလောက်အထိ စောင့်ဆိုင်းရပြီး စောင့်ဆိုင်းနေစဉ် အတွင်း၌ပင် လူ့လောကကြီးထဲက ထွက်ခွာသွားကြရသည့် နိုင်ငံရေးအကျဉ်းသားများ ဒုနဲ့ဒေး ရှိပါသည်။

အကျဉ်းထောင်တွင်း ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမရှိ၍ ထောင်တွင်း၌ အသက်သေဆုံးခဲ့ကြရသည့် နိုင်ငံရေးအကျဉ်း သားအရေအတွက်သည် နှစ်စဉ်တိုးလာလျက်ရှိသည်။

၂၀၂၃ ခုနှစ်အတွင်း သေဆုံးခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားများ

===========================================

၂၀၂၃ ခုနှစ်အတွင်း အကျဉ်းထောင်များသို့ မိသားစုဝင်များက ပေးပို့သည့် ထောင်ဝင်စာ ဆေးဝါးများကို ကန့်သတ် ပိတ်ပင်ခြင်း၊ ထောင်တွင်း ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာ မရရှိခြင်း၊ အရေးပေါ် လူနာများကို အချိန်နှင့်တပြေးညီ ထောင်ပြင်ပဆေးရုံများသို့ ပို့ဆောင်၍ ဆေးဝါးကုသခွင့်မရခြင်းတို့ကြောင့် နိုင်ငံရေးအကျဉ်းသား ၁၂ ဦး ၊နိုင်ငံရေးအကျဉ်းသူ ၁ ဦး စုစု ပေါင်း ၁၃ ဦး အသက်သေဆုံးခဲ့ရသည်ကို မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) မှ မှတ်တမ်းနှင့်တကွကောက်ယူနိုင်ခဲ့သည်။

ထို့ပြင် မကွေးထောင်မှ နိုင်ငံရေးအကျဉ်းသား ၃ ဦးနှင့် အိုးဘိုထောင်မှ နိုင်ငံရေးအကျဉ်းသူ ၁ ဦးတို့ သေဆုံးခဲ့ရမှု ဖြစ်စဉ်ကို မှတ်တမ်းနှင့်တကွ အချိန်မီ သတင်းရယူထားနိုင်ခြင်းမရှိသော်လည်း အမှန်တကယ် ကျန်းမာရေးစောင့်ရှောက်မှု အချိန်မီ မရရှိ၍ နိုင်ငံ ရေးအကျဉ်းသားနှင့်အကျဉ်းသူ ၃ ဦး သေဆုံးခဲ့ကြောင်း ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားများ၏ ပြောဆိုချက်များအရ အတည်ပြုနိုင်ခဲ့သည်။

ထို့ကြောင့် ၂၀၂၃ ခုနှစ်အတွင်း စုစုပေါင်း နိုင်ငံ‌ရေးအကျဉ်းသား ၁၅ ဦး၊နိုင်ငံရေး အကျဥ်းသူ ၂ ဦး စုစုပေါင်း ၁၇ ဦးတို့သည် အကျဉ်းထောင်နှင့် ထောင်ပြင်ပ ဆေးရုံများအတွင် အသက်သေဆုံးခဲ့ရသည်ဟု ဆိုနိုင်သည်။

အသက်သေဆုံးရသူများတွင်အခြေခံအားဖြင့် မူလရောဂါအခံရှိသူများ ၊ ဖမ်းဆီးခံရပြီးနောက် စစ်ကြောရေးစခန်းများ၌ ရရှိလာသည့် အတွင်းအပြင်ဒဏ်ရာရရှိခဲ့သူများ ၊ ထောင်တွင်းကျန်းမာရေးနှင့် အစားအသောက်မသန့်ရှင်းမှုနှင့် အာဟာရဓာတ်မလုံလောက်မှုများကြောင့် ရောဂါဖြစ်ပွားပြီး သေဆုံးခဲ့ကြရခြင်းဖြစ်သည်။

၂၀၂၄ ခုနှစ်တွင် သေဆုံးခဲ့ကြရသည့် နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူများ

==================================================

မွန်ပြည်နယ် ကျိုက်မရောအကျဉ်းထောင်တွင် မတရားဖမ်းဆီးထိန်းသိမ်းခံထားရသည့် အစ္စလမ်ဘာသာဝင် နိုင်ငံရေးအကျဉ်းသား ကိုရာရှင်(ခ)ဟာရှင်သည် ဖမ်းဆီးခံရချိန်၌ စစ်ကြောရေးတွင် ညှဥ်းပန်းနှိပ်စက်ခံရသော ဒဏ်ရာများကြောင့် ကျန်းမာရေး ချူချာလာခဲ့ပြီး ၂၀၂၃ ခုနှစ် နိုဝင်လာလမှ စ၍ ထောင်ဆေးရုံတွင် မကြာခဏ သွားရောက်၍ ဆေးဝါးကုသခွင့်ရ‌ရေး ကြိုးစားခဲ့ပါသည်။ ကိုရာရှင်သည် စစ်ကြောရေးမှ ရရှိခဲ့သည့် အတွင်းကြေဒဏ်ရာများကို ခံစားခဲ့ရပြီး ထောင်တွင်း လုံလောက်သည့် ဆေးဝါးကုသစောင့်ရှောက်မှု မရခြင်း ထောင်ပြင်ပဆေးရုံများသို့ အချိန်နှင့်တပြေးညီ ပို့ဆောင်ကုသခွင့် မရခြင်းကြောင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် သေဆုံးခဲ့သည်။

ကိုရာရှင် ဆုံးပြီး လေးရက်အကြာ ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ကျိုက်မရောထောင်မှ အသက် ၃၁ နှစ်အရွယ် မီးသတ်CDM တစ်ဦးဖြစ်သည့် နိုင်ငံရေးအကျဉ်းသား ကိုပြည့်ဖြိုးအောင်သည် ထောင်ဆရာဝန်၏ ပေါ့လျော့မှုကြောင့် အသက်သေဆုံးခဲ့ရသည်။

မကွေးအကျဉ်းထောင်မှ CDM တက္ကသိုလ်ကျောင်းသူ မစုမေအောင်သည် အသက် ၂၀ ကျော်ဝန်းကျင်သာ ရှိသေးသော်လည်း ထောင်တွင်း ကျန်းမာရေးဆိုးရွားလာချိန် ဆေးကုသခွင့်မရ၍ ဇန်နဝါရီလ ၂၂ ရက်နေ့တွင် သေဆုံးခဲ့ရသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က လက်လှမ်းမှီသမျှပြုစု ကောက်ယူထားသည့် အချက် အလက်များအရ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ယခု စက်တင်ဘာလ ၁ ရက်နေ့အထိ နိုင်ငံရေးအကျဉ်းသား ၉ ဦး ၊ နိုင်ငံရေးအကျဉ်းသူ ၂ ဦး၊ ရဲ CDM (ရဲပြေးအမှုဖြင့် စွဲခံထားရသူ) ၁ ဦး စုစုပေါင်း နိုင်ငံရေးအကျဉ်းသားနှင့်အကျဉ်းသူ ၁၂ ဦး ထောင်များအတွင်း ကျန်းမာရေးစောင့်ရှောက်မှု မရ၍ အသက်သေဆုံးခဲ့ရပါသည်။

စစ်ကောင်စီက ထောင်များတွင် နိုင်ငံရေးအကျဉ်းသားနှင့်အကျဉ်းသူများကို သတ်ဖြတ်နေ

=============================================================

မြန်မာနိုင်ငံတစ်ဝန်းမှ အကျဉ်းထောင်များက နိုင်ငံရေးအကျဉ်းသားများနှင့် အကျဉ်းသူများကို ရှေ့တန်းစစ်မြေပြင်သဖွယ် ခေါင်းစဉ်အမျိုးမျိုးနှင့် သတ်ဖြတ်နေရပြီး ဆေးဝါးလုံလောက်မှုနှင့် ဆရာဝန်လုံလောက်မှုမရှိသည့် ထောင်ဆေးရုံများသည်လည်း နိုင်ငံရေးအကျဉ်းသားများ မသေဆုံးခင် ယာယီထားသည့် နေရာများဖြစ်လာသည်။

၂၀၂၄ ခုနှစ်အတွင်း လက်ရှိအချိန်အထိ အကျဉ်းထောင်အတွင်း သေဆုံးသွားကြရသည့် နိုင်ငံရေးအကျဉ်းသားများ အားလုံးသည် မသေဆုံးသင့်ဘဲ သေဆုံးခဲ့ကြရသူများဖြစ်သည့်အပြင် သေဆုံးချိန်တွင် အလောင်းကိုပင် ကြည့်ခွင့်မရ၊ နာရေးကိုပင် ကျန်ရစ်သူ မိသားစုများက ပြုလုပ်ခွင့် မရရှိခဲ့ပေ။

အာဏာသိမ်းကာလတွင် လုံခြုံရေးကို အကြောင်းပြ၍ သေဆုံးသွားသော နိုင်ငံရေးအကျဉ်းသားများ၏ သတင်း ပြင်ပသို့ ပေါက်ကြားသွားမည်ကို စစ်တပ်က မလိုလားပေ။ ထို့ကြောင့် သေဆုံးသူ နိုင်ငံရေးအကျဉ်းသားများနှင့်အကျဉ်းသူများ၏ သတင်းများကို ဆိုရှယ်မီဒီယာများအပေါ်သို့ မတင်ရန် ကျန်ရစ်သူ မိသားစုကို စစ်တပ်က ဖိအားပေးသည်။

သတင်းဌာနများနှင့် ဆိုရှယ်မီဒီယာများတွင် နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူများ သေဆုံးသည့် သတင်းများ တက်လာပါက မိသားစုဝင်များ တာဝန်ယူရမည့်အပြင် ဖမ်းဆီးခြင်းပါ ခံရမည်ဆိုသော ခြိမ်းခြောက်မှုများကို စစ်ကောင်စီက ပြုလုပ်နေသည်။ အကျဉ်းထောင်တွင်း ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာ မရရှိ၍ သေဆုံးခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားများ၏ သတင်းများကို ဖုံးနိုင်ရန် ထောင်အာဏာပိုင်များက ကြိုးစားနေခြင်းဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားအကျဉ်းသူများအတွက် အကျဉ်းထောင်များသည် လူသတ်ကွင်းဖြစ်လာနေပြီး အကျဉ်း ထောင်ဆေးရုံဆိုသည်မှာလည်း ဆေးကုသမှု လုံလောက်စွာ မပေးသော ဆေးရုံအမည်ခံမျှသာဖြစ်သည်။ အကျဉ်းထောင်များနှင့် ထောင်ဆေးရုံများတွင် ဆရာဝန်အင်အား လောက်ငှမှု မရှိခြင်း၊ ထောင်ဆေးရုံရှိ လူနာကုတင်များကို ငွေကြေးတတ်နိုင်သည့် အကျဉ်းသားများကို ငွေကြေးရယူ၍ နေရာရောင်းစားခြင်းများရှိရာ အမှန်တကယ် ကျန်းမာရေးဆိုးရွား၍ ထောင်‌ဆေးရုံတွင် ဆေးဝါးကုသရန် လိုအပ်နေသည့် နိုင်ငံရေးအကျဉ်းသားများမှာ ဆေးရုံတက်ခွင့် မရကြပေ။ ထို့ကြောင့် အကျဉ်းထောင်အတွင်း ဆိုးရွာသော အခြေအနေဖြင့် အသက်ဆုံးရှုံးရသည်။

အကြမ်းဖက် အာဏာသိမ်းစစ်ကောင်စီက အကျဉ်းထောင်တွင်း လူ့အခွင့်အရေးချိုးဖောက်မှုများမရှိကြောင်းနှင့် ထောင်တွင်း ဆေးဝါးစောင့်ရှောက်မှုအပြည့်အဝရှိကြောင်း ဝါဒဖြန့်မီဒီယာနှင့် သတင်းစာများမှ တဆင့် အမြဲလိုလို သတင်းထုတ်ပြန်နေသာ်လည်း လက်တွေ့တွင်မှု အဆိုပါပြောဆိုချက်များ မှန်ကန်မှုမရှိပေ။

အမှန်တကယ် အကျဉ်းထောင်တွင်း လူ့အခွင့်အရေးချိုးဖောက်မှု မရှိဘဲ လုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသည်ဆိုပါက စစ်ကောင်စီအနေဖြင့် လွတ်လပ်သော နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့များ ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ကို အကျဉ်းထောင်အတွင်းသို မလွဲမသွေ ဝင်ရောက်စစ်ဆေးခွင့် ပြုရမည်ဖြစ်သည်။

ယနေ့ စစ်အာဏာသိမ်း ၃ နှစ်ကျော်ကာလရောက်သည်အထိ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့များ၊ အပြည်ပြည်ဆိုင်ရာ ကြက် ခြေနီကော်မတီ (ICRC)တို့ကို အကျဉ်းထောင်များအတွင်း ဝင်ရောက်ခွင့်မပြုခြင်းမှာ အကျဉ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသားနှင့်အကျဉ်းသူများအပေါ် လူ့အခွင့်အရေးချိုးဖောက်ပြီး ရည်ရွယ်ချက်ရှိရှိ စစ်တပ်က သတ်ဖြတ်နေသည်ကို မည်သို့မှ ငြင်းပယ်၍ မရသောကြောင့် ဖြစ်သည်။

ဓာတ်ပုံ- အကျဉ်းထောင်များတွင် ထောင်ဆူပူမှုများကို နှိမ်နင်းရန် လေ့ကျင့်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)

(သိုက်ထွန်းဦးသည် မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)မှ ဦးဆောင်ကော်မတီဝင်တစ်ဦးဖြစ်သည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article