သီပေါမြို့လယ်ခေါင်ကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲချမှု နေအိမ်နှင့်ဆိုင်များ မီးလောင်ပြီး လူ ၁ ဦး ပျောက်ဆုံး၊ လားရှိုးမြို့နယ်၊ နောင်မွန်ကျေးရွာကိုလည်း စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ
ရန်ကုန်၊ အောက်တိုဘာ ၆
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ မြို့လယ်ခေါင်ကို စစ်ကောင်စီက ယမန်နေ့ညပိုင်း လေယာဉ်ဖြင့် ဗုံးများကျဲချသဖြင့် နေအိမ်နှင့် ဆိုင်ခန်းများ မီးလောင်ပြီး လူ ၁ ဦးပျောက်ဆုံးကြောင်းနယ်စည်းမခြားပရဟိတ(သီပေါ)မှ ကိုရှားထက်နိုင်က လူမှုကွန်ရက်မှ တစ်ဆင့် သတင်းထုတ်ပြန်သည်။
အောက်တိုဘာလ ၅ ရက်နေ့ ည ၉ နာရီ ၄၅ မိနစ်အချိန် ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့၊ အနောက်ရပ် မြို့လယ်ခေါင်နေရာကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးများကျဲချခဲ့ကြောင်း၊ အဆိုပါ ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်များနှင့် ဆိုင်ခန်းများ မီးလောင်ခဲ့ကြောင်း၊ သီပေါမြို့တွင် ကျန်ရစ်နေခဲ့သော ပြည်သူများက မီးကို ငြိမ်းသတ်ခဲ့ရကြောင်း၊ ဗုံးကျရောက်ပေါက်ကွဲပြီး မီးလောင်ကျွမ်းဖြစ်ခဲ့ပြီးနောက် ဒေသပြည်သူ ၁ ဦးဖြစ်သော ကိုနိုင်သိန်း ပျောက်ဆုံးနေသဖြင့် ရှာဖွေခဲ့ကြသော်လည်း မတွေ့ရကြောင်း၊ လေယာဉ်ဗုံးကြောင့် စံပြမုန့်ဆိုင်အိမ်နှင့် မေ့ပါနိုင် ထမင်းဆိုင်တန်းလျားနေအိမ်များ မီးလောင် ပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။
ရန်ကုန်ခေတ်သစ်သတင်းဌာနက သီပေါမြို့ကို စစ်ကောင်စီက ယမန်နေ့ညပိုင်း လေယာဉ်ဖြင့် ဗုံးကျဲမှု အခြေအနေနှင့်ပတ် သက်ပြီး သီပေါမြို့မှ ပြည်သူများကို ဆက်သွယ်ရန် ကြိုးစားသော်လည်း တယ်လီဖုန်းလိုင်းများ ဖြတ်တောက်ထားခြင်း၊ အင်တာနက်များ ဖြတ်တောက်ထားခြင်းကြောင့် အဆက်အသွယ်မရရှိပေ။
အလားတူ ယမန်နေ့ ညပိုင်း လားရှိုးမြို့နယ် နောင်မွန်ကျေးရွာအနီးတွင်လည်း ပေါက်ကွဲမှုများဖြစ်ပေါ်ခဲ့ပြီး ယင်းပေါက်ကွဲမှုများမှာ လေယာဉ်ဖြင့် ဗုံးကျဲမှု ကြောင့် ဖြစ်သည်ဟု ယူဆရကြောင်း လားရှိုးဒေသ သတင်းရင်းမြစ်က သုံးသပ်ပြောဆိုသည်။


