29 C
Yangon

စစ်ကောင်စီ၏ အတုအယောင် ရွေးကောက်ပွဲကို နိုင်ငံတကာက ပြတ်ပြတ်သားသားနှင့်ပြင်းပြင်းထန်ထန် ကန့်ကွက်ရန် ကုလသမဂ္ဂအစည်း အဝေးတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်း ထပ်မံတိုက်တွန်း

Must read

စစ်ကောင်စီ၏ အတုအယောင် ရွေးကောက်ပွဲကို နိုင်ငံတကာက ပြတ်ပြတ်သားသားနှင့်ပြင်းပြင်းထန်ထန် ကန့်ကွက်ရန် ကုလသမဂ္ဂအစည်း အဝေးတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်း ထပ်မံတိုက်တွန်း

ရန်ကုန်၊ အောက်တိုဘာ ၁၀

အကြမ်းဖက်စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲကို ပြတ်ပြတ်သားသားနှင့် ပြင်းပြင်း ထန်ထန် ကွန့်ကွက်ပေးပါရန် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲ တမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက နိုင်ငံတကာအသိုင်းအဝိုင်းကို တိုက်တွန်းတောင်းဆိုလိုက်သည်။

အောက်တိုဘာလ ၇ ရက်နေ့ အမေရိကန်နိုင်ငံ၊ နယးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်၌ ပြုလုပ် သော ၇၉ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာကော်မတီ (ဒုတိယကော်မတီ) ၏ အထွေထွေမူဝါဒရေးရာမိန့်ခွန်းပြောကြားမှုအစီအစဉ် (General Debate) တွင် ၎င်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

စစ်အာဏာရှင်စနစ်နှင့် တရားမ၀င် စစ်အာဏာသိမ်းမှုသည် မြန်မာနိုင်ငံတွင် ပဋိပက္ခများ၊ မငြိမ် မသက်မှုများနှင့် ဆင်းရဲဒုက္ခများ၏ မူလဇစ်မြစ်ဖြစ်ပြီး ရွေးကောက်ပွဲကျင်းပရန် လုံးဝ မသင့်လျော် သည့် အခြေအနေမျိုးတွင် အကြမ်းဖက်စစ်တပ်သည် အတုအယောင်ရွေးကောက်ပွဲ ကျင်းပရန် ကြိုး ပမ်းနေကြောင်း၊ စစ်ကောင်စီ ပြုလုပ်မည့် အတုအယောင် ရွေးကောက်ပွဲသည် လွတ်လပ်၊ တရားမျှ တ၍ အားလုံးပါဝင်နိုင်မည့် ရွေးကောက်ပွဲမျိုး မည်သည့်အခါမျှ ဖြစ်မည်မဟုတ်ပဲ ပြည်သူများကို ပိုမို ဒုက္ခ ရောက်အောင် တွန်းပို့ခြင်းသာ ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စား လှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုသည်။

မြန်မာပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ အတုအယောင် ရွေးကောက်ပွဲကို မည်သို့မျှ လက်ခံမည် မဟုတ်ဘဲ အတုအယောင် ရွေးကောက်ပွဲ ကျင်းပမည့် ကိစ္စကို ပြတ်ပြတ်သားသားနှင့်ပြင်း ပြင်းထန်ထန် ကန့်ကွက်ပေးပါရန် နိုင်ငံတကာအသိုက်အဝန်းကို တိုက်တွန်းလျက်ရှိကြောင်း ၎င်းက ဆက် လက်ပြောကြားသည်။

မြန်မာနိုင်ငံသည် ရွေးကောက်ခံအရပ်သားအစိုးရလက်ထက်က ပျမ်းမျှနှစ်စဉ် GDP တိုးတက်မှု နှုန်း ၆ ဒသမ ၂ ရာခိုင်နှုန်း ဖြင့် စီးပွားရေးဖွံ့ဖြိုးမှု အရှိန်အဟုန် မြင့်မားခဲ့ပြီး ၂၀၃၀ စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များနှင့်အညီ မြန်မာနိုင်ငံလုံးဆိုင်ရာ ရေရှည် တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေး အစီ အစဉ် အပါအဝင် ရှင်းလင်းပြတ်သားပြီး လက်တွေ့ကျသော လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒများ ကို ချမှတ်ခဲ့ကြောင်း၊ အဆိုပါမူဝါဒများသည် အရပ်သား အစိုးရ သက်တမ်းတ လျှောက် နိုင်ငံ့ စီးပွား ရေးတိုးတက်မှုတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့ပြီး၊ နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုများကို ပိုမို ဆွဲဆောင်နိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် အရပ်သားအစိုးရသည် ခိုင်မာသော ဒီမိုကရေစီနိုင်ငံဖြစ်စေရန် ပွင့်လင်းမြင်သာသော မူဝါဒ များ ကို မြှင့်တင်ခဲ့ပြီး မြန်မာနိုင်ငံသည် ကဏ္ဍအသီးသီးတွင် ထင်ရှားသော တိုးတက်မှုများကို ရရှိခဲ့ရာ ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒကော်မတီ (CDP) ၏ ၂၀၁၈ ခုနှစ် ပြန်လည် သုံးသပ်မှုတွင် မြန် မာနိုင်ငံသည် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ အဆင့်မှ လွတ်မြောက်ရန် စံသတ်မှတ် ချက် ၃ ခုလုံးနှင့် ပထမ ဆုံးအကြိမ် ပြည့်မီခဲ့ကြောင်း သိရသည်။

သို့သော်လည်း ရွေးကောက်ခံ အရပ်သားအစိုးရဆောင်ရွက်ခဲ့သော လူမှုစီးပွားရေးနှင့် ဒီမိုကရေစီ ပြုပြင်တိုးတက် ပြောင်းလဲမှု အများအပြားသည် ၂၀၂၁ ခုနှစ် တရားမဝင် စစ်တပ် အာဏာသိမ်းမှု ကြောင့် ကံမကောင်းစွာ နောက်ပြန်ဆုတ်သွားခဲ့ပါကြောင်း၊ တရားမဝင်စစ်အာဏာသိမ်းပြီး ၄ နှစ် တာကာလအတွင်း မြန်မာနိုင်ငံသည် ဆိုးရွားသောစီးပွားရေးအကျပ်အတည်းနှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာကပ်ဘေးနှင့် ရင်ဆိုင်နေရပြီး လျှပ်စစ်မီး ပြတ်တောက်မှု၊ လူသုံးကုန် ပစ္စည်း ပြတ်လပ်မှု၊ ကုန်သွယ်မှုနှင့် နိုင်ငံခြားငွေလဲလှယ်မှု ကန့်သတ်ချက်များ သည် မြန်မာ့စီးပွားရေးလည် ပတ်မှုကို ကြီးကြီးမားမား ထိခိုက်လျက်ရှိကြောင်း သိရသည်။

World Bank နှင့် IMF တို့၏ အဆိုအရ မြန်မာ့စီးပွားရေးသည် ၂၀၂၄ ခုနှစ်တွင် ၁ ရာခိုင်နှုန်းသာ တိုးတက်မည်ဟုခန့်မှန်းထားကြောင်း၊ မြန်မာ နိုင်ငံလူဦးရေ၏ ထက်ဝက်နီးပါးသည် ဆင်းရဲမွဲတေမှု မျဉ်းအောက်၌ နေထိုင်နေရပြီး၊ လူပေါင်း ၃ ဒသမ ၄ သန်းကျော် အိုးအိမ်မဲ့ဖြစ်နေကြရသည့်အပြင် လူပေါင်း ၁၅ သန်း ကျော်သည် စားနပ်ရိက္ခာ မလုံလောက်မှုနှင့် ရင်ဆိုင်နေရကာ ၁၈ ဒသမ ၆ သန်း သည် လူသား ချင်းစာနာထောက်ထားမှု အကူအညီများလိုအပ်နေကြောင်း သိရသည်။

ထောင်ပေါင်းများစွာသော မြန်မာလူငယ်များသည် စစ်အာဏာရှင်များ၏ အတင်းအကြပ်စစ်မှုထမ်း ခိုင်းစေခြင်းနှင့် မတရားဖမ်းဆီးခြင်းများကို ရှောင်ရှားရန်အတွက် ဝေးလံခေါင်သီသော တောတောင် များနှင့် အိမ်နီးချင်းနိုင်ငံများသို့ထွက်ပြေးနေရပြီး မြန်မာပြည်သူများသည် လေးဘက်လေးတန် အမှောင်ဖုံးနေသည့် အန္တရာယ်အတွင်း ကျရောက်နေကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲ တမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားသည်။

ထို့ပြင် စစ်အာဏာရှင်များသည် သဘာဝဘေးအန္တရာယ်များ ကျရောက်နေသည့် ကာလတွင်ပင် လိုအပ်နေသော ပြည်သူများထံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ မရောက် ရှိစေရန် ဆက်လက်တားမြစ်ထားပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ၎င်းတို့အာဏာတည်မြဲရေးအတွက် လက်နက်သဖွယ် အသုံးချနေကြောင်း သိရသည်။

ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးသည် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက လိုအပ် ချက် များ ဖြစ်ပြီး မြန်မာနိုင်ငံ၏ အခြေအနေကို အပြည့်အဝ ဖြေရှင်းနိုင်မည့် တစ်ခုတည်း သော နည်းလမ်း မှ ဒုက္ခများမြစ်ဖျားခံရာ မူလဇစ်မြစ်ဖြစ်သော စစ်အာဏာရှင်စနစ် ချုပ်ငြိမ်း ရန်နှင့် ပြည်သူများ၏ မျှော်မှန်းချက်နှင့်အညီ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရန် ဖြစ်ကြောင်း၊ ထို့ ကြောင့် မြန်မာနိုင်ငံ၏ လက်ရှိနှင့် အနာဂတ်မျိုးဆက်သစ်များ ပိုမိုကောင်းမွန်ပြီး ရေရှည်တည် တံ့ခိုင်မြဲသော အနာဂတ်ရရှိရန်အတွက် မြန်မာပြည်သူများအား ခိုင်မာတိကျပြတ်သားသော ပံ့ပိုး ကူညီမှုများပေးရန် နိုင်ငံတကာအသိုက်အဝန်းကို ထပ်လောင်း တောင်းဆိုပါကြောင်း ကုလသမဂ္ဂ ဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article