လက်ပံတန်းမြို့အထွက် ခရီးသည်တင်ကားပေါ်မှ ယာဉ်နောက်လိုက်အကူ လူငယ် ၃ ဦးကို စစ်တပ်က ပေါ်တာဆွဲဖမ်းပြီး ၁ ဦးလျှင် ငွေကျပ် သိန်း ၇၀ ဖြင့် ပြန်ရွေးခိုင်းနေ
ရန်ကုန်၊ အောက်တိုဘာ ၁၂
ပဲခူးတိုင်း၊ လက်ပံတန်းမြို့အထွက်တွင် စစ်တပ်က ခရီးသည်တင်ကားပေါ်မှ ယာဉ်နောက်လိုက် အကူ လူငယ် ၃ ဦးကို ပေါ်တာဆွဲဖမ်းပြီး ၁ ဦးလျှင် ငွေကျပ် သိန်း ၇၀ ဖြင့် ပြန်ရွေးခိုင်းနေကြောင်း ဖမ်းဆီးခံ လူငယ်များ၏ မိတ်ဆွေများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ အောက်တိုဘာလ ၁၁ ရက်နေ့ မွန်းတည့် ၁၂ နာရီဝန်းကျင်အချိန် လက်ပံတန်းမြို့အထွက် ဖိုးလေးရိုးလမ်းတွင် စစ်တပ်က စစ်ဆေးမှုများ လုပ်ဆောင်နေခဲ့ကြောင်း၊ ယင်းနောက် ခရီးသည်တင်လိုင်းကားပေါ်မှ လိုက်ပါလာသည့် ယာဉ်နောက်လိုက်အကူ အသက် ၁၀ ကျော် လူငယ် ၃ ဦးကို စစ်တပ်က မှတ်ပုံတင်များ စစ်ဆေးပြီးနောက် စစ်မှုထမ်းရန် အသက်အရွယ်အားဖြင့် အကျုံးဝင်သည်ဟုဆိုကာ ဖမ်းဆီးသွားကြောင်း၊ လက်ပံတန်းမြို့မှ ဖမ်းဆီးခံလူငယ်များ၏ မိဘများ က မိမိတို့၏ သားများ ပြန်လည် လွတ်မြောက်ရေးအတွက် မေးမြန်းရာ စစ်တပ်က လူငယ် တစ်ဦးလျှင် ငွေကျပ် သိန်း ၇၀ ဖြင့် ရွေးယူမည်ဆိုလျှင် လူစားထိုး၍ လွှတ်ပေးမည်ဟု ပြောဆိုကြောင်း သိရှိရသည်။
“အဖမ်းခံရတဲ့ လူငယ် ၃ ဦးက ယာဉ်နောက်လိုက်အကူ အဖြစ် လိုင်းကားလိုက်နေကြတာ။ အဲဒါ စစ်တပ်က ဖမ်းသွားပြီးတော့ မိဘတွေကို သိန်း ၇၀ နဲ့ ပြန်ရွေးမယ်ဆိုရင် ရွေးလို့ရတယ်။ ပြန်လွှတ်ပေးမယ်ပြောတယ်” ဟု ဖမ်းဆီးခံလူငယ်များ၏ မိတ်ဆွေတစ်ဦးက ပြောဆိုသည်။
ထို့ပြင် လက်ပံတန်းမြို့ပေါ်တွင် စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဝင်းကြည်နှင့် ရာအိမ်မှူး သန်းဦးနှင့်အပေါင်းအပါများက စစ်မှုထမ်းများ ထောက်ပံ့ရန်ဟုဆိုကာ လစဉ် တစ်အိမ်ထောင်လျှင် ငွေကျပ် အနည်းဆုံး ၅၀၀၀ ကျပ်မှ သောင်းချီ ခြိမ်းခြောက်တောင်းယူနေကြကြောင်း သိရှိရသည်။
ထို့အတူ လက်ပံတန်းမြို့ပေါ်တွင် စစ်မှုထမ်းရန်အတွက် လူငယ်များကို ဖမ်းဆီးမှုများ ရှိသကဲ့သို့ သက်ကြီးပိုင်း အမျိုးသားများကိုလည်း ပြည်သူ့လုံခြုံရေးအဖွဲ့တွင် ပါဝင်ကြရန် အတင်းအကျပ် ဖိအားပေးမှုများ ရှိနေကြောင်း၊ လတ်တလော သက်ကြီးပိုင်း အမျိုးသားတချို့ကို စစ်သင်တန်း တက်ရမည်ဟုဆိုကာ စစ်တပ်က လာရောက် ခေါ်ဆောင်သွားမှုများလည်းရှိနေကြောင်း သိရှိရသည်။
ဓာတ်ပုံ- ယခင်လများအတွင်း စစ်မှုထမ်းရန် အတင်းအကျပ် စုဆောင်းခံထားရသည့် လူငယ်များ။