နိုင်ငံတဝန်း စစ်တပ်က စက်တင်ဘာလ အတွင်း စစ်ရာဇဝတ်မှု ၃၀၄ ကြိမ် ကျူးလွန်ခဲ့ပြီး ပြည်သူ ၂၂၅ ဦးကို စစ်ကောင်စီ တပ်သားများက သတ်ဖြတ်ခဲ့
ရန်ကုန်၊ အောက်တိုဘာ ၁၂
မြန်မာနိုင်ငံတဝန်း အကြမ်းဖက် စစ်တပ်က စက်တင်ဘာလ အတွင်း စစ်ရာဇဝတ်မှု ၃၀၄ ကြိမ် ကျူးလွန်ခဲ့ပြီး ပြည်သူ ၂၂၅ ဦးကို စစ်ကောင်စီ တပ်သားများက သတ်ဖြတ်ခဲ့ကြောင်း Spring Revolution Database (SRD) အဖွဲ့က အစီရင်ခံစာ ထုတ်ပြန်ထားသည်။
အကြမ်းဖက် စစ်တပ်နှင့် ၎င်းတို့၏ လက်အောက်ခံ အဖွဲ့ အစည်းများက စက်တင်ဘာလအတွင်း စစ်ရာဇဝတ်မှုများ ၃၀၄ ကြိမ်အထိ ကျုးလွန်ခဲ့ကြောင်း SRD အဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
အဆိုပါ အကြမ်းဖက် စစ်တပ်၊ အကြမ်းဖက် စစ်တပ်၏ အုပ်ချုပ်ရေးယန္တရားအဖွဲ့များ၊ ရဲတပ်ဖွဲ့၊ ပျုစောထီးများသည် အရပ်သားပြည်သူများ အပေါ် အကြမ်းဖက်ဖမ်း ဆီးခြင်း၊ ဥပဒေမဲ့သတ်ဖြတ်ခြင်း၊ သတ်ဖြတ်ပြီး အလောင်းဖျောက်ဖျက်ခြင်း၊ မီးရှို့ ဖျက်ဆီးခြင်း၊ နေအိမ်ပိတ်သိမ်းခြင်း၊ အကျဥ်းထောင်တွင်း ရိုက်နှက်ခြင်း၊ စစ်မှုထမ်းဥပဒေဖြင့် စစ်သားစုဆောင်းခြင်း၊ အမျိုးသမီးများအပေါ် အဓ္ဓမပြုကျင့် ခြင်း၊ ဖုန်းလိုင်းနှင့်အင်တာနက်ဖြတ်တောက်ခြင်း၊ ဧည့်စာရင်းအကြောင်းပြပြီး ဖမ်းဆီးခြင်း၊ စစ်မှုထမ်းဥပဒေကို အသုံးချ ပြီး ခြိမ်းခြောက်ငွေညှစ်ခြင်းများကို လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက်စစ်ကောင်စီ၏ အုပ်ချုပ်ရေးမှုးများသည် စက်တင်ဘာလအတွင်း အရပ်သား ပြည်သူများအပေါ် ခြိမ်း ခြောက်ငွေညစ်မှု ၁၄ ကြိမ်အထိ လုပ်ဆောင်ခဲ့ကြောင်း၊ အုပ်ချုပ်ရေးမှုးများသည် စစ်မှုထမ်းရန် အတွက် နာမည်စာရင်း ကောက်ယူမှု ၇ ကြိမ်၊ စစ်မှုထမ်းရန်အတွက် အကြမ်းဖက် စစ်တပ်ထဲကို တပါတည်း ခေါ်ဆောင်သွားမှု ၈ ကြိမ်ရှိကြောင်း သိရှိရသည်။
ထို့ပြင် စက်တင်ဘာလအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်၏ နည်းလမ်းမျိုးစုံဖြင့် သတ်ဖြတ်မှုကြောင့် အရပ်သားပြည်သူ ၂၂၅ ဦး သေဆုံးခဲ့ကြောင်း၊ အရပ်သားပြည်သူများ အဓိက သေဆုံးရသည့်အကြောင်းရင်းမှာ လေကြောင်း တိုက်ခိုက်မှုကြောင့် ဖြစ်ပြီး သေဆုံးသူ ၁၃၅ ဦးအထိရှိခဲ့ကြောင်း၊ နိုင်ငံအနှံ့အပြားစစ်ရှုံးနေသော အကြမ်းဖက် စစ်ကောင်စီသည် လေကြောင်း တိုက်ခိုက်မှုကို အဓိကထားပြီး အရပ်သားပြည်သူများကို သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
အလားတူ အကြမ်းဖက် စစ်တပ်၏ လက်နက်ကြီးကျည် ထိမှန်မှုကြောင့် အရပ်သားပြည်သူ ၂၉ ဦး သေဆုံးခဲ့ကြောင်း၊ စက်တင်ဘာလအတွင်း စစ်ကြောရေး၌ အရပ်သား ပြည်သူ ၃ ဦး သေဆုံးခဲ့ကြောင်း၊ ပျူစောထီးများ၏ သတ်ဖြတ်မှုကြောင့်လည်း အရပ်သား ပြည်သူ ၂ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်တပ်သည် စက်တင်ဘာလအတွင်း လေကြောင်းတိုက်ခိုက်မှု ၂၅၉ ကြိမ်အထိ ပြုလုပ်ခဲ့ပြီး ရှမ်းပြည်နယ် နှင့် စစ်ကိုင်းတိုင်းတွင် အကြမ်းဖက် စစ်တပ်သည် လေကြောင်း တိုက်ခိုက်မှု အကြိမ်အရေအတွက် ၇၆ ကြိမ် အထိရှိခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် တော်လှန်ရေး အင်အားစုအချို့ကို ဖိအားပေးပြီး တိုက်ပွဲရပ်နားထား ခိုင်းထားသောကြောင့် အကြမ်းဖက် စစ်ကောင်စီတပ်သည် ရှမ်း(မြောက်)တွင် အရပ်သား ပစ်မှတ်များကို လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှု များပြားလာရခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီတပ်သည် စက်တင်ဘာလအတွင်း ကချင်ပြည်နယ်တွင် လေကြောင်းတိုက်ခိုက်မှု ၁၇ ကြိမ်အထိ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် စက်တင်ဘာလအတွင်း တော်လှန်ရေး အင်အားစုများနှင့် အကြမ်းဖက် စစ်ကောင်စီတပ်တို့ ထိတွေ့ တိုက်ပွဲ ၂၆၁ ကြိမ်ဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါ တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်သား ၄၉၅ ဦး၊ ရဲတပ်ဖွဲ့ဝင် ၁၀ ဦး၊ ပျူစောထီးနှင့်အခြားသော အကြမ်းဖက် စစ်ကောင်စီ မိတ်ဖက်အဖွဲ့အစည်းများမှ ၃၆ ဦး သေဆုံးပြီး တော်လှန်ရေး အင်အားစုများဘက်မှလည်း ၇၇ ဦး ကျဆုံးခဲ့ကြောင်း သိရှိရသည်။
ဓာတ်ပုံ-ယမန်နေ့ မတ္တရာမြို့နယ်၊ ဝေါစုကျေးရွာကို စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် သေဆုံးသူ ပြည်သူ ၁ ဦး။