29 C
Yangon

ရေဦးနှင့် လောင်းလုံးရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူများပြား

Must read

ရေဦးနှင့် လောင်းလုံးရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူများပြား

ရန်ကုန်၊ အောက်တိုဘာ ၁၂

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၁၉ ဦး သေဆုံးခဲ့ကြောင်း ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ပြောဆိုသည်။

စက်တင်ဘာလ ၂၁ ရက်နေ့တွင် ရွှေကျီးမင်း အကြမ်းဖက် စစ်တပ်ဂိတ်ကို Fixed-Wing Drone ဖြင့် ဗုံးသီး ၆ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်တပ်ဘက်မှ တပ်ကြပ် ၁ ဦး အပါအဝင် ၄ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ အောက်တိုဘာလ ၂ ရက်နေ့တွင် ရေဦးမြို့ရဲစခန်းကို ဗုံးသီး ၆ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ လိုင်းခန်း ၂ ဆောင် မီးလောင် ပြာကျခဲ့ပြီး ကျည်သေတ္တာ ၆ ပုံး၊ သေနတ် ၄ လက် မီးလောင်ပျက်စီး၍ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၄ ဦး သေဆုံးကာ ၆ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ ၅ ရက်နေ့တွင် အောင်သာယာရွာရှိ ပျူစောထီး အထိုင်စခန်းကို Fixed-Wing Drone များဖြင့် ဗုံးသီး ၉ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ ပျူစောထီး ၈ ဦး သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း၊ အောက်တိုဘာ ၁၀ ရက်နေ့တွင် ရွှေကျီးမင်း အကြမ်းဖက် စစ်တပ် စစ်‌ဆေးရေးဂိတ်ကို Fixed-Wing Drone များဖြင့် ဗုံးသီး ၄လုံးကျဲချ တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၃ ဦး သေဆုံးပြီး ၃ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အလားတူ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် ထားဝယ်မြို့ဘက်မှ ဆင်းလာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကင်းပုန်း ယူပေးနေသည့် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဖက်ဒရက်ဓူဝံကြယ်တပ်ဖွဲ့ (F.P.F) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၁၁ ရက်နေ့ နံနက် ၅ နာရီခန့်တွင် လောင်းလုံး မီးသတ်ရုံး၌ ထားဝယ်မှ ဆင်းလာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို လမ်းကင်းလာယူပေးသည့် စစ်သားများကို ဖက်ဒရက်ဓူဝံကြယ်တပ်ဖွဲ့ (F.P.F)က ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုကို ဆက်လက်စုံစမ်းလျက်ရှိကြောင်း သိရှိရသည်။

“အခုလက်ရှိတော့ ထားဝယ်မြို့ကနေ လောင်းလုံးမြို့နယ်ဘက်ကို ဆင်းလာတဲ့ စစ်ခွေး စစ်ကြောင်းကတော့ လောင်းလုံးကို ကျော်ပြီး ညင်းမော်ရွာရောက်ရှိနေတယ်။ စစ်ခွေး အင်အား ၁၅၀ လောက်ရှိတယ်” ဟု ဖက်ဒရက်ဓူဝံကြယ်တပ်ဖွဲ့ (F.P.F) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article