29 C
Yangon

ပခုက္ကူမြို့တွင် စစ်တပ်က ပုဂ္ဂလိကခရီးသည်တင်ယာဉ် ၁၀၀ စီးကျော်ကို ချောဆွဲကာ ပေါက်မြို့နယ်ရှိ ပျူစောထီးနှင့်စစ်စခန်းများထံသို့ ရိက္ခာပို့ရန် ပြင်ဆင်နေ

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၇

မကွေးတိုင်း ပခုက္ကူမြို့တွင် အကြမ်းဖက်စစ်တပ်က ပုဂ္ဂလိကခရီးသွားကားစီးရေ ၁၀၀ ကျော်ကို ချောဆွဲကာ ပေါက်မြို့နယ်ရှိ ပျူစောထီးကျေးရွာများနှင့် စစ်စခန်းများသို့ ရိက္ခာပို့ရန်ပြင်ဆင်နေကြောင်း ချောဆွဲခံထားရသည့် ကားပိုင်ရှင်များက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ယခုအောက်တိုဘာလဆန်းပိုင်းမှစတင်ပြီး စစ်ကောင်စီတပ်များက စစ်ဆေးရေးဂိတ်များ၊ မြို့အဝင်များတွင် ပုဂ္ဂလိကခရီးသည်တင်ကားများကို ပေါက်မြို့နယ်သို့ ရိက္ခာပို့ရန် အတွက် မဖြစ်မနေ လိုက်ပါရမည်ဟုဆိုကာ ချောဆွဲခြင်းဖြစ်ပြီး ယနေ့ အောက်တိုဘာလ ၁၇ ရက်နေ့နှင့် မနက်ဖြန် အောက်တိုဘာလ ၁၈ ရက်နေ့တို့တွင် ရိက္ခာပို့ရန် ထွက်ခွာကြမည်ဖြစ်ကြောင်း သိရှိရသည်။

“ကားသမားတွေကတော့ အခုထိ ပြန်မလွှတ်သေးဘူး။ အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူ့ကားများကို ခုတုံးလုပ်ပြီး ပေါက်မြို့နယ်က ပျူရွာတွေကို ရိက္ခာပို့ဆောင်နိုင်ဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။ ပေါက်မြို့နယ်၊ ပျူရွာတွေနဲ့ စစ်စခန်းတွေကို မြေပြင်ကနေ ရိက္ခာမပို့နိုင်တာ အတော်ကြာပြီဗျ။ အခုမှ ပြန်လည် ပြင်ဆင်လာတာ ယာဥ်တန်း လုံခြုံရေးအတွက် စစ်တပ်က ရဟတ်ယာဉ်နဲ့ လေကြောင်းပါ အသုံးပြုမယ်လို့ သိထားရတယ်ဗျ”ဟု ပေါက်မြို့နယ်ရှိ ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ပေါက်မြို့နယ်ရှိ ပျူစောထီးကျေးရွာများသို့ ရိက္ခာပို့မည့် ကားတန်းကို စစ်ကြောင်းများကလည်း ဝန်းရံလိုက်ပါကြမည်ဖြစ်ပြီး ချောဆွဲထားသော ကားများကို ငွေကြေးပေးခြင်းမရှိဘဲ အတင်း အကျပ် ကိုယ့်စက်သုံးဆီ ကိုယ်စိုက်ခိုင်း၍ လိုက်ပါပို့ဆောင်ခိုင်းခြင်းဖြစ်ကြောင်း၊ လမ်းခရီးတွင် မိုင်းဆွဲခံရခြင်း(သို့မဟုတ်) ပစ်ခတ်ခံရခြင်းများဖြစ်ပေါ်ပါက စစ်တပ်က တာဝန်မယူဘဲ မိမိ၏ လုံခြုံရေး မိမိဂရုစိုက်ရမည်ဟု မှာကြားနေကြောင်း သိရှိရသည်။

ဓာတ်ပုံ – စစ်ကောင်စီတပ်များက ပြည်သူများ၏ ကားများကို စစ်ဆေးနေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

စစ်ကောင်စီတပ်များက ပြည်သူများ၏ ကားများကို စစ်ဆေးနေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article