ကောလင်း၊ ဥက္ကံကျေးရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက်လေယာဉ်ဖြင့် ၂ ကြိမ် ဗုံးကျဲမှု ပြည်သူ ၂ ဦးသေဆုံးပြီး ထိခိုက် ဒဏ်ရာရရှိသူ များပြား
ရန်ကုန်၊အောက်တိုဘာ ၂၁
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ အနောက်ဘက်ရှိ ဥက္ကံကျေးရွာကို အကြမ်း ဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦးသေဆုံးပြီး ထိခိုက် ဒဏ်ရာရရှိသူ များပြားကြောင်း ဒေသသတင်းရင်းမြစ် Kawlin info မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ အောက်တိုဘာလ ၂၁ ရက်နေ့တွင် နံနက် ၁၀ နာရီ ၃၀ မိနစ်နှင့် နံနက် ၁၁ နာရီခန့်အချိန် အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကောလင်းမြို့နယ် အနောက်ဘက်ရှိ ဥက္ကံရွာလယ် ရွှေဆိုင်တစ်ဆိုင်ကို လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုအတွင်း ပြည်သူ ၂ ဦး သေဆုံးပြီး ထိခိုက် ဒဏ်ရာရရှိသူများပြားကာ အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း၊ လက်ရှိအချိန်တွင် ကျေးရွာနေပြည်သူများမှာ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။
” ဗုံး ၃လုံး ကျဲသွားတာ နေအိမ်ပျက်စီးမှု အခြေအနေတော့ အတိအကျမသိရသေးဘူး။ ပထမ အကြိမ်ပစ်တာတော့ အမျိုးသမီး ၂ ဦးသေတယ်။ ထိခိုက်မှုရှိတယ်။ နောက် ၂ ခါ ပစ်တာတော့ မသိရသေးဘူး။ အဲ့ဒီဘက်က စစ်ကြောင်းမထိုးဘူး။ ကောလင်းမြို့အနောက်ဘက် ၂၅ မိုင်ခန့်မှာရှိတယ်။ အဲ့ဒီဒေသ တိုက်ပွဲမဖြစ်ဘဲ အရင်တစ်ခါကလည်း အပစ်ခံထားရတယ်။ ပထမ အကြိမ် ပစ်ခတ်ခံရတာက ဥက္ကံရွာလယ်က ရွှေဆိုင်တစ်ခုပေါ် ဗုံးကျတာတယ်။ ဒုတိယအကြိမ်က ဘယ်နေရာကျတယ်ဆိုတာ မသိရသေးဘူး” ဟု Kawlin info မှ တာဝန်ရှိသူ က ရှင်းလင်းပြောဆိုသည်။
အကြမ်းဖက်စစ်ကောင်စီက ကောလင်းမြို့နယ် အပါအဝင် စစ်ကိုင်းတိုင်းအ တွင်း ထိုးစစ်များ ဆင်ခြင်း၊ စစ်ကြောင်းထိုးခြင်းများကို ယခုအောက်တို ဘာလအတွင်း အရှိန်အဟုန်မြှင့်တင်လာပြီး လေ ကြောင်းတိုက်ခိုက်မှုများကိုလည်း တိုးမြှင့်လာနေကြောင်း ဒေသ တော်လှန်ရေး သတင်းရင်းမြစ်များက ပြောဆိုကြသည်။
ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီ၏ လေတပ်တွင် အသုံးပြုသည့် ဗုံးနှင့်ရော့ကတ်များ။ (ပုံအဟောင်းဖြစ်ပါသည်။)