27 C
Yangon

ပခုက္ကူတွင် စစ်တပ်က သံချပ်ကားများဖြင့်ပါ စစ်ကြောင်းထိုးနေပြီး ကျေးရွာ ၃ ရွာမှ ပြည်သူ ၈ ဦးထက်မနည်းကို ဖမ်းဆီး သတ်ဖြတ်ကာ ပြည်သူ ၁၀၀ ကျော်ကို လူသားဒိုင်း အဖြစ် ဖမ်းဆီးထား၊ သောင်းနှင့် ချီသော စစ်ဘေးရှောင် ပြည်သူများ စားနပ်ရိက္ခာ အရေးပေါ်လိုအပ်

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၅

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က သံချပ်ကာကားများပါ ယူဆောင်လာ၍ စစ်ကြောင်းထိုးနေပြီး ကျေးရွာ ၃ ရွာမှ ပြည်သူ ၈ ဦးထက်မနည်းကို ဖမ်းဆီး သတ်ဖြတ်ကာ ပြည်သူ ၁၀၀ ကျော်ကို လူသားဒိုင်း အဖြစ် ဖမ်းဆီးထားကြောင်း ပခုက္ကူမြို့နယ် ပကဖ ဒုတာဝန်ခံက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၂၁ ရက်နေ့မှစ၍ ပခုက္ကမြို့မှ လာသည့် သံချပ်ကာကားများပါ ယူဆောင်လာသော အင်အား ၃၀၀ ကျော်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ကွန်းရွာသို့ ဝင်ရောက် စီးနင်းပြီး ကွန်းရွာနှင့် ရွှေတန်းတစ်ရွာ တို့၌ အထိုင်ချ တပ်စွဲကာ အနီးအနားရှိ ကျေးရွာများကို စစ်ကြောင်းထိုး ဝင်ရောက်နေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် အရှေ့မြင်းကျွန်းရွာ၊ ကွန်းရွာနှင့် ဆင်မင်းရွာတို့ကို ဝင်ရောက် စီးနင်းစဉ် အရပ်သား ပြည်သူ ၈ ဦးထက်မနည်းကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး ကျေးရွာ အတွင်းရှိ ပြည်သူပိုင် ပစ္စည်းများကို စိတ်ကြိုက် မွှေနှောက်ယူဆောင်သွားကြောင်း သိရှိရသည်။

လက်ရှိချိန်တွင် ရွှေတန်းတစ်ရွာ ၊ဆင်မင်းရွာ ၊ကွန်းရွာ ၊ဒေါင်းစားရွာ ၊နှောကုန်းရွာ ၊ကင်မွန်းခါးရွာ ၊နတ်ကျွန်းရွာ ၊ဘုရားကုန်းရွာ ၊ဆိပ်ကမ်းသာယာရွာ ၊ မကျီးပင်ပုရွာ ၊ ထန်းတောစုရွာ ၊ကျွန်းအိုကျေးရွာ၊ ဥယျာဉ်စုရွာ၊ မြင်းကျွန်းရွာနှင့် မယ်တော်လှရွာမှ သောင်းနှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေးနေရပြီး အရေးပေါ် စားနပ်ရိက္ခာများ လိုအပ်လျက်ရှိကြောင်း သိရသည်။

“စဝင်တာကတော့ ၂၁ ရက်နေ့ မနက်ပိုင်းတည်းက စဝင်တာ စစချင်း ဝင်စီးတာကတော့ ကွန်းရွာပေါ့။ ကွန်းရွာမှာရှိတဲ့ စစ်ကြောင်းက အခု ကွန်းရွာရယ်၊ ရွှေတန်းတစ်ရယ် အဲနား ပတ်ခြားလည်မှာ အထိုင်ချပြီး ပတ်ပတ်လည်ရွာတွေကို စစ်ကြောင်းထိုးနေတာ အခုဆိုရင် ၅ ရက်တိတိ ရှိသွားပြီ မီးရှို့ဖျက်ဆီးခံရတဲ့ ရွာတွေတော့ မရှိသေးဘူး။ ပြည်သူတွေအိမ်က အဝတ်အစားတွေ ပိုက်ဆံတွေယူတာတော့ရှိတယ်။ ခွေးစစ်ကြောင်းက အင်အား ၃၀၀ ကျော်ပါတယ်။ စနိုက်ပါတွေ တင့်ကားတွေ ကောပါတယ်။ ၁၀၂ မမ တွေလည်းပါတယ်။ ၁၂၀ မမ တွေလည်းပါလာတယ်။ ပြည်သူ ၈ ဦးကျော် ဖမ်းဆီးသတ်ဖြတ်ခံရတယ်လို့ သိထားရတယ်။ ကျန်တော်တို့ ရွာတွေကို ရှင်းလင်းရေး မဝင်နိုင်သေးတော့ အရေအတွက် အတိအကျတော့ မသိရသေးဘူး။ အရှေ့မြင်းကျွန်း၊ ကွန်း၊ ဆင်မင်း ရွာတွေက ပြည်သူ ၈ ဦး ထက်မနည်း သတ်ဖြတ်ခံရတယ်။ ကျန်တော်တို့ ရုပ်အလောင်းတွေတော့ မရသေးဘူး။ စစ်ကြောင်းက အင်အား ၃၀၀ ကျော်နဲ့ အထိုင်ချထားတော့ ရွာတွေကို ရှင်းလင်းရေး ဝင်နိုင်စွမ်းမရှိသေးဘူးပေါ့။ အဲတာကြောင့် ၈ ဦးသတ်ဖြတ်ခံရတာတော့ သေချာတယ်။ ပျောက်နေတဲ့ သူတွေလည်းရှိသေးတယ်” ဟု ပခုက္ကူမြို့နယ် ပကဖ ဒုတာဝန်ခံက ပြောဆိုသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက မြင်းကျွန်းရွာမှ ပြည်သူ ၇၀ ခန့်နှင့် စစ်ကြောင်းထိုးရာ လမ်းတစ်လျှောက်ရှိ ရွာပေါင်းစုံမှ ပြည်သူ ၅၀ ခန့်ကို ဖမ်းဆီးထားပြီး ရွှေတန်းတစ်ရွာတွင် လူသားဒိုင်း အဖြစ်ဖမ်းဆီးထားကြောင်း သိရသည်။

“ဖမ်းဆီးခံရတဲ့ ပြည်သူက မြင်းကျွန်းရွာမှာ ၇၀ လောက်ရှိတယ်။ အားလုံးပေါင်း ၁၀၀ ကျော်တယ်။ သူတို့ တပ်စွဲဖို့ ပြင်ဆင်နေတဲ့ ရွှေတန်းတစ်ရွာမှာ အကုန်လုံးကို ဖမ်းဆီးထားတယ်။ ကျေးရွာ ၁၅ ရွာ စစ်ရှောင်နေရတော့ လူဦးရေ ဝန်းကျင်က ၁ သောင်းကျော်တယ်။ ဆန်ရယ်၊ ဆီရယ် လိုအပ်နေတယ်။ အရေးပေါ် စစ်ရှောင်ဆိုတော့ ပစ္စည်းတွေက ပါမလာဘူး။ သီတင်းကျွတ်မှာ ဒီကောင်တွေ လူတွေသတ်နေတာတွေ မတရားလုပ်နေတာတွေ အပေါ်ကို အကုန်လုံးက ဝိုင်းဝန်းပြီးတော့ တွန်းလှန်ပေးဖို့ တောင်းဆိုချင်တာပေါ့။ အရေးပေါ် အကူအညီလိုအပ်နေတဲ့ ရွာ ၁၅ ရွာကိုလည်း တတ်နိုင်သမျှ ထောက်ပံ့ပေးဖို့ တောင်းဆိုချင်ပါတယ်” ဟု ပခုက္ကူမြို့နယ် ပကဖ ဒုတာဝန်ခံက ဆက်လက်ပြောဆိုသည်။

ဓာတ်ပုံ – စစ်ကိုင်းတိုင်းတွင် စစ်တပ်က စစ်ကြောင်းထိုးလာ၍ စစ်ဘေးရှောင်ပြည်သူများ ထွက်ပြေးနေရစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

စစ်ကိုင်းတိုင်းတွင် စစ်တပ်က စစ်ကြောင်းထိုးလာ၍ စစ်ဘေးရှောင်ပြည်သူများ ထွက်ပြေးနေရစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article