ရေးနှင့် လယ်ဒိုမြို့ ရှိ ကျေးရွာများကို စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် ဗုံးကျဲပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံးပြီး ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာရ
ရန်ကုန်၊ အောက်တိုဘာ ၂၇
မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦးသေဆုံးပြီး ၁ ဦး ထိခိုက် ဒဏ်ရာရရှိကာ ဘုရားကျောင်း ၁ လုံးနှင့် နေအိမ် ၂ လုံးပျက်စီးခဲ့ကြောင်း KNU ဗဟိုကပြောဆိုသည်။
အောက်တိုဘာလ ၂၅ ရက်နေ့၊ နံနက် ၁၁ နာရီ ၅ မိနစ်ခန့်တွင် ရေးမြို့နယ်၊ ပနော်ကလဲခီး ကျေးရွာ အနီးတစ်ဝိုက်ကို အကြမ်းဖက်စစ်တပ်၏ မှော်ဘီတပ်မှ တက်လာသည့် Y-12 လေယောဉ် ၁ စီးဖြင့် ကင်းထောက်ပြီး မွန်းလွဲ ၁၂ နာရီ ၄၈ မိနစ်ခန့်တွင် နေပြည်တော်မှ တက်လာသည့် တိုက်လေယာဉ် Yak-130 ၁ စီးဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံး ကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထို တိုက်ခိုက်မှု အတွင်း အသက် ၃၀ နှစ် အရွယ် စောသဲမူး သေးဆုံးခဲ့ပြီး အသက် ၃၃ နှစ်အရွယ် နော်အဲ့တာမူး ထိခိုက်ဒဏ်ရာရရှိကာ ပြည်သူနေအိမ် ၂ လုံးနှင့် ခရစ်ယာန် ဘုရားကျောင်း ၁ လုံး ပျက်စီးခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် အောက်တိုဘာလ ၂၅ ရက်နေ့ နံနက် ၁၁ နာရီ ၃၂ မိနစ်ခန့်တွင် လယ်ဒိုမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်၏ ခလရ ၂၆၄ တပ်ရင်းက ၁၂၂ မမ ၃လုံး ပစ်ခတ်ခဲ့ရာ ကော်သာစေးကျေးရွာအနီးတွင် ကျရောက် ပေါက်ကွဲခဲ့ကြောင်း၊ နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် ယင်းတပ်ရင်းက ၁၂၀ မမ လက်နက်ကြီး ၂ လုံး ထပ်မံပစ်ခတ်ခဲ့ရာ လက်ခံကျေးရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး ကျေးရွာနေ ပြည်သူ ဒေါ်ညွန့်ကြည်ရရှိပြီး ၎င်းနေအိမ်လည်း ပျက်စီးခဲ့ကြောင်း သိရသည်။
အောက်တိုဘာလ ၂၆ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၄ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်ကောင်စီ တပ်သားများက ကွင်းချောင်း၀မှနေ၍ ၁၂၀ မမ လက်နက်ကြီး ၁ လုံးပစ်ခတ်ခဲ့ရာ သောင်ပု (ကတို) တွင် ကျရောက်ပေါက်ကွဲခဲ့ပြီး ဦးဇော်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် မွန်းလွဲ ၃ နာရီ ၄၅ မိနစ်ခန့်တွင် ၁၂၀ မမ လက်နက်ကြီး ၁ လုံး ထပ်မံ ပစ်ခတ်ခဲ့ရာ တောကြောင်ပေါက်ကျေးရွာအတွင်းတွင် ကျရောက်ပေါက်ကွဲပြီး အသက် ၂၇ နှစ်အရွယ် မောင်ကိုကိုဦး ၊အသက် ၂၀ နှစ်အရွယ် နော်အယ်ဂေထူး၊ အသက် ၁၅ နှစ် အရွယ် နော်ဝါးကပေါ် နှင့် အသက် ၅၀နှစ်အရွယ် နော်ခိုဖလော်ထူးတို့ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
အောက်တိုဘာလ ၂၄ ရက်နေ့ နံနက် ၉နာရီ ၄၅ မိနစ်ခန့်တွင် အကြမ်းဖက်စစ်တပ်၏ ခလရ ၂၆၄ တပ်ရင်းက ၁၂၂မမ လက်နက်ကြီး ၈ လုံးပစ်ခတ်ခဲ့ရာ ကော်သာစေး ကျေးရွာအနီးတွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း KNU ဗဟိုကပြောဆိုသည်။



