26 C
Yangon

ဘုတလင်မြို့နယ်အတွင်း စစ်တပ်က ဒုတိယအကြိမ် စစ်ကြောင်းထိုးနေပြီး စစ်ကောင်စီ တပ်သားများ ပဲပြစ်တောအနောက်ရွာကို ဝင်ရောက် ဖျက်ဆီးနေ

Must read

ဘုတလင်မြို့နယ်အတွင်း စစ်တပ်က ဒုတိယအကြိမ် စစ်ကြောင်းထိုးနေပြီး စစ်ကောင်စီ တပ်သားများ ပဲပြစ်တောအနောက်ရွာကို ဝင်ရောက် ဖျက်ဆီးနေ

ရန်ကုန်၊ အောက်တိုဘာ ၂၇

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က ဒုတိယအကြိမ် စစ်ကြောင်းထိုးနေပြီး စစ်ကောင်စီ တပ်သားများ ပဲပြစ်တောအနောက်ရွာကို ဝင်ရောက် ဖျက်ဆီးနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်က ပြောဆိုသည်။

ယနေ့ အောက်တိုဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းက စတင်ကာ အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဘုတလင်မြို့နယ် မြောက်ခြမ်းကို အင်အား ၁၅၀ ကျော်ဖြင့် ထပ်မံ စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး ပဲပြစ်တောအနောက်ရွာတွင် ဝင်ရောက် တပ်စွဲ၍ ပြည်သူပိုင် နေအိမ်များကို မွှေနှောက် ဖျက်ဆီးလျက်ရှိကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် အောက်တိုဘာလ ၁၂ ရက်နေ့မှ ၂၃ ရက်နေ့အထိ ဘုတလင်မြို့နယ် အနောက်ခြမ်းကို စစ်ကြောင်းထိုးခဲ့ပြီးနောက် အင်အားထပ်မံဖြည့်တင်း၍ ဒုတိယ အကြိမ် ဝင်ရောက် လာခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဒီတခါစစ်ကြောင်းက အရင်တခါက ထက်အင်အားများတယ်။ ၁၅၀ လောက်ပါမယ်ထင်တယ်။ အခုနောက်ဆုံး သိရတာက ပဲပြစ်တောအနောက်ရွာ ၀င်မွှေနေတယ်”လို့ ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

ယင်း စစ်ကြောင်းသည် ဘုတလင်မြို့နယ်အတွင်း ပထအကြိမ် စစ်ကြောင်းထိုးစဉ်က ကလေးငယ်များ အပါအဝင် အရပ်သား ပြည်သူ ၂၁ ဦးကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ပြီး ကျေးရွာ ၅ ရွာကျော်မှ နေအိမ် ၄၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့သော စစ်ကြောင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိချိန်တွင် ဘုတလင်မြို့နယ် မြောက်ခြမ်းရှိ ကျေးရွာများမှ ပြည်သူများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရပြီး တိမ်းရှောင်နေရသော ရွာအရေအတွက်နှင့် လူဦးရေ စာရင်းကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

(မျက်မှောက်ခေတ်သည် ရန်ကုန်ခေတ်သစ် မီဒီယာ၏ မိတ်ဖက်ဖြစ်သည်)

ဓာတ်ပုံ – ဘုတလင်မြို့နယ် စီပါရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးနေစဉ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article