32 C
Yangon

ပုလဲမြို့နယ်၊ ကန့်ဒေါင့် အခြေစိုက် ရဲစခန်းမှ ရဲတပ်ကြပ် ၁ ဦး သေနတ် ၁ လက်နှင့် အလင်းဝင်လာ၍ ဂုဏ်ပြုဆုငွေ ၈၁ သိန်း ချီးမြှင့်

Must read

ပုလဲမြို့နယ်၊ ကန့်ဒေါင့် အခြေစိုက် ရဲစခန်းမှ ရဲတပ်ကြပ် ၁ ဦး သေနတ် ၁ လက်နှင့် အလင်းဝင်လာ၍ ဂုဏ်ပြုဆုငွေ ၈၁ သိန်း ချီးမြှင့်

ရန်ကုန်၊ အောက်တိုဘာ ၂၇

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့် အခြေစိုက် ရဲစခန်းမှ ရဲတပ်ကြပ် ၁ ဦး သေနတ် ၁ လက်နှင့်အတူ အလင်းဝင်လာသောကြောင့် ဂုဏ်ပြုဆုငွေ ၈၁ သိန်း ချီးမြှင့်ခဲ့ကြောင်း ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အောက်တိုဘာလ ၂၆ ရက်နေ့တွင် ကန့်ဒေါင့်အခြေစိုက် ရဲစခန်းမှ ရဲတပ်ကြပ် ၁ ဦးသည် G-3 ၁ သေနတ် ၁ လက်၊ ကျည်အချို့၊ လက်ပစ်ဗုံး ၁ လုံး တို့နှင့် အတူ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့ထံ အလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“စကစရဲ့ အခြေစိုက်စခန်းထဲက ရဲတပ်ကြပ်တစ်ဦးက သေနတ်တစ်လက်ရယ်၊ ကျည်အချို့ရယ် လက်ပစ်ဗုံးရယ် ယူပြီးတော့ ပြည်သူ့ရင်ခွင် ခိုလှုံလာတာ ဟုတ်ပါတယ်။ CDM တွေအတွက်က အပြင်မှာ လွတ်လပ်လုံခြုံစွာ နေထိုင်ဖို့ရာတွေ စားဝတ်နေရေး ဒါတွေကိုလည်း စီမံပေးတယ်။ ဒေသတွင်းမှာ အေးအေးချမ်းချမ်းနေမယ်ဆိုလည်း သက်ဆိုင်ရာ အရပ်သားလို အလုပ်အကိုင် အခွင့်အလမ်းတွေလည်း ရှာဖွေပေးပါတယ်။ တော်လှန်ရေးထဲ ပါချင်ရင်လည်း စိစစ်ပြီးတော့ တော်လှန်ရေးကဏ္ဍအသီးသီးမှာလည်း တာဝန်တွေ ပေးတာလည်း ရှိပါတယ်ဗျ။ မိသားစုဝင်တွေဆီ ပြန်ချင်ရင်လည်း သက်ဆိုင်ရာမြို့နယ် တာဝန်ခံတွေနဲ့ ချိတ်ဆက်ပြီးတော့ မိသားစုထံ အရောက်ပို့တာတွေလည်း ရှိပါတယ်ဗျ။ CDM တွေကို ကူညီဆောင်ရွက်ပေးတဲ့ ကဏ္ဍတွေက အမျိုးမျိုး ရှိပါတယ်ဗျ”ဟု ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အဆိုပါ အလင်းဝင်ရောက်လာသော ရဲတပ်ကြပ်ကို ပအဖနှင့် ပကဖတို့၏ ဂုဏ်ပြုဆုငွေ ၈၀ သိန်းကျပ်နှင့် မြို့နယ် လူသားစာနာအဖွဲ့က ငွေကျပ် ၁ သိန်း ချီးမြှင့်ခဲ့ပြီး အဝတ်အစားများလည်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ပုလဲမြို့နယ်အတွင်း အလင်းဝင်လိုသူ မည်သူ့ကို မဆို လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာနှင့်အညီ နေထိုင်နိုင်ရန် စီစဉ်ဆောင်ရွက်ပေးနေကြောင်း ၊ ပြည်သူနှင့်အတူ အချိန်မီပူးပေါင်းစေလိုကြောင်း ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။

“ဒါ ပုလဲမြို့နယ်မှ မဟုတ်ပါဘူး ။ တစ်နိုင်ငံလုံးမှာ မူဝါဒချမှတ်ပြီး လုပ်ကိုင်ဆောင်ရွက်ပေးတဲ့ အခြေအနေတွေ ရှိပါတယ်။ အတွင်းထဲက လက်နက်ကိုင်တွေကို ပန်ကြားချင်တာက ပြည်သူနဲ့ အတူတူ အချိန်မီ ပူးပေါင်းစေချင်ပါတယ်။ တော်လှန်ရေးဘက်ကို စကစဘက်က သတင်းအမှောင်ချပေမယ့် ကိုယ့်အဆက်အသွယ်နဲ့ကိုယ် တော်လှန်ရေးအခြေအနေဘယ်အထိရောက်နေပြီလဲ ၊ ဘာကြောင့် တော်လှန်ရေးဖြစ်နေရတာလဲ၊ ပြည်သူတွေ ဘာလို့ ငါတို့ကို ဘာလို့ တိုက်နေရတာလဲ ဒါလေးတွေကို စမ်းစစ်ဖို့ လက်နက်ကိုင် အုပ်စုတွေရော တခြား အုပ်စုတွေရော တိုက်တွန်းချင်ပါတယ်” ဟု ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article