ရန်ကုန်၊ မေ ၁၁
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်နှင့် ဟားခါးမြို့နယ် အစပ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းထိုးနေ၍ တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်က ကျေးရွာများကိုလည်း ဒရုန်းဖြင့် လိုက်လံ ဗုံးကျဲနေကြောင်း ချင်းတော်လှန်ရေး ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ မေလ ၁၁ ရက်နေ့တွင် ဖလမ်းနှင့် ဟားခါးမြို့နယ် အစပ်ရှိ ဒုတ်ထက် (Dokthek) ရွာ အနီးတွင် အကြမ်းဖက် စစ်တပ်နှင့် ချင်းတော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ထိုစစ်ကြောင်းသည် ယမန်နေ့က ရမ်သလို (Ramthlo) ရွာကို ရောက်ရှိခဲ့ပြီး ယနေ့တွင် ဒုတ်ထက်ရွာကို ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် စစ်တပ် စစ်ကြောင်းသည် ဒုတ်ထက် (Dokthek) ရွာကိုလည်း ဒရုန်းများဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် နေအိမ်များ ပျက်စီးမှုရှိပြီး ပြည်သူများ ထိခိုက်မှုရှိ၊မရှိကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။
“စစ်ခွေး စစ်ကြောင်းနဲ့ ချင်းတော်လှန်ရေးတပ်တွေ ဒုတ်ထက် (Dokthek) ရွာ အနီးမှာ တိုက်ပွဲဖြစ်တယ်။ အဲစစ်ခွေးစစ်ကြောင်းကိုလည်း ချင်းတော်လှန်ရေးတပ်တွေက လိုက်လံ တိုက်ခိုက်နေတယ်။ ဖလမ်းနဲ့ ဟားခါးမြို့နယ် အစပ်မှာ တိုက်ပွဲတွေဖြစ်နေတယ်။ အသေးစိတ် အခြေအနေတော့ မသိသေးဘူး။ စစ်ခွေးစစ်ကြောင်းက ဟားခါးဘက်ကို ထိုးနေတာ” ဟု ချင်းတော်လှန်ရေး ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။
ထို့ပြင် မေလ ၆ ရက်နေ့တွင် ကလေးမြို့မှ ဖလမ်းမြို့သို့ Non-CDM ဝန်ထမ်းများ ပို့ဆောင်ရန် တက်လာသည့် စစ်ယာဉ်တန်းကို Hiang Zing ကျေးရွာနှင့် ထေးဇန်ကျေးရွာအကြားတွင် CDF CDM-Siyin အဖွဲ့က ခြုံခိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ၏ တပ်မ ၇၇ မှ ဗိုလ်ကြီးအဆင့်ရှိသူ ၁ ဦး ၊ ဒုဗိုလ် (တစ်ပွင့်ဗိုလ်) အဆင့်ရှိသူ ၁ ဦးနှင့် ရဲဘော် ၃ ဦး စုစုပေါင်း ၅ ဦး ပွဲ ချင်းပြီး သေဆုံးခဲ့ပြီး လက်နက်အ ရှည် ၃ လက်နှင့် ပစ္စတို လက် ၁ လက် စုစုပေါင်း ၄ လက်ကို သိမ်းဆည်းရရှိခဲ့ကြောင်း၊ မေလ ၅ ရက်နေ့ကလည်း ကလေးမြို့ဘက်မှ စစ်ကူပေးရန် တက်လာသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ဟီယန်ဇီယန် (Hiangziang) ကျေးရွာရှိ ကော်ဖီခြံအနီးတွင် CDF CDM-Siyin တပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁၃ ဦး နေရာမှာပင်ပွဲချင်းပြီး သေဆုံးကာ လက်နက် ၃ လက် လည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – မေလ ၁ ရက်နေ့က ဖလမ်း-ဟားခါးလမ်းပိုင်းရှိ တလန်ရောန်ကျေးရွာဟောင်းကို အကြမ်းဖက် စစ်တပ် စစ်ကြောင်းက မီးရှို့ဖျက်ဆီးနေစဉ်




