24 C
Yangon

ဘုတလင်မြို့နယ်အတွင်း စစ်တပ်က ဒုတိယအကြိမ် စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၁၀ ရွာကျော်မှ သောင်းနှင့်ချီသော ပြည်သူများ တိမ်းရှောင်နေရပြီး စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အဝတ်အထည်များ အရေးပေါ် လိုအပ်နေ

Must read

ဘုတလင်မြို့နယ်အတွင်း စစ်တပ်က ဒုတိယအကြိမ် စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၁၀ ရွာကျော်မှ သောင်းနှင့်ချီသော ပြည်သူများ တိမ်းရှောင်နေရပြီး စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အဝတ်အထည်များ အရေးပေါ် လိုအပ်နေ

ရန်ကုန်၊ အောက်တိုဘာ ၂၈

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က ဒုတိယအကြိမ် စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၁၀ ရွာကျော်မှ သောင်းနှင့်ချီသော ပြည်သူများ တိမ်းရှောင်နေရပြီး စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အဝတ်အထည်များ အရေးပေါ် လိုအပ်နေကြောင်း စီပါကျေးရွာ ပကဖတာဝန်ခံ ကိုမိုးသောက်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဘုတလင်မြို့နယ် မြောက်ခြမ်းကို အင်အား ၁၅၀ ကျော်ဖြင့် ထပ်မံ စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း၊ ထို့ပြင် ယင်းနေ့ ညနေ ၅ နာရီကျော်ခန့်ကလည်း လက်ပံရွာ၊ နတ်ရွာ နှင့် မြင်သာရွာ တို့ကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်း ထပ်မံဝင်ရောက်လာ၍ စီပါရွာ ၊ ငပတ်ရင်းရွာ၊ ပတ်ရှုရွာ၊ ကြို့ကုန်းရွာ၊ နတ်ရွာ၊ ရွာသာရွာ၊ မြင်သာရွာ၊ စိတ်သာကန်ရွာ၊ ပဲပြစ်တော အနောက်ရွာ၊ ပဲပြစ်တောအရှေ့ရွာ၊ တလှိုင်းရွာနှင့် အုတ်ဖိုရွာ တို့မှ သောင်းနှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ရပြီး စားနပ်ရိက္ခာ၊ ဆေးဝါနှင့် အဝတ်အထည်များ အရေးပေါ် လိုအပ်နေကြောင်း သိရှိရသည်။

“စစ်ခွေး စစ်ကြောင်းက ပဲပြစ်တောရွာမှာပဲရှိသေးတယ်။ မနေ့ကတော့ လေယာဉ် ၂ စီးနဲ့ ၂ ကြိမ်ကျဲသွားတယ်။ တိုက်ပွဲက မရှိပါဘူး။ တိုက်ပွဲက ဘာမှကို လုံးဝမဖြစ်တာ သူတို့ အခုကျဲသွားတဲ့နေရာတွေက စစ်ကြောင်း သွားနိုင်ခြေရှိတဲ့ နေရာတွေ စစ်ကြောင်းမထိုးခင် ရှင်လင်းတဲ့ အနေနဲ့ ကျဲသွားတာလား ဘာလို့လဲတော့ မသိဘူး။ အခုစစ်ရှောင်နေရတဲ့ ရွာတွေက ၁၀ ရွာ ကျော်လောက်ရှိတယ်။ စစ်ရှောင်ကတော့ ၁ သောင်းကျော်လောက်ရှိတယ်။ အခုစစ်ခွေး စစ်ကြောင်းထွက်လာတာက ဘုတလင်မြို့နယ် မြောက်ခြမ်းဘက်ဆိုတော့ စီပါရွာနဲ့ မဝေးဘူး။ စစ်ရှောင် အရေအတွက်က တစ်နေ့တခြားများလာတော့ စားရေးသောက်ရေးက အခက်အခဲဖြစ်တာပေါ့။ ဆေးဝါးတွေလည်း လိုအပ်နေတယ်။ စီပါဆိုရင် ရွာလုံးကျွတ် နီးပါး မီးရှို့ခံရပြီးတော့ အဝတ်အထည်တွေနဲ့ စောင်တွေ လိုအပ်နေပါတယ်” ဟု စီပါကျေးရွာ ပကဖတာဝန်ခံ ကိုမိုးသောက်က ပြောဆိုသည်။

ယင်း စစ်ကြောင်းသည် လက်ရှိချိန်တွင် ပြစ်တောရွာအရှေ့ရွာ၌ တပ်စွဲထားပြီး ကျေးရွာထိပ်တွင် ကင်းလှည့်ခြင်းများ လုပ်ဆောင်နေပြီး မည်သည့် ရွာကို ဆက်လက် ဝင်ရောက် စီးနင်းမည်ကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပထမ အကြိမ် စစ်ကြောင်းထိုးစဉ်က ဘုတလင်မြို့ပေါ်မှ ကလေးငယ်များ အပါအဝင် မိသားစုဝင် ၆ ဦး၊ မြောက်ကျီရွာမှ ပြည်သူ ၇ ဦး၊ စီပါရွာနှင့် ဆယ်ဝရွာမှ ပြည်သူ ၈ ဦး စုစုပေါင်း ပြည်သူ ၂၁ ဦးကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သော စစ်ကြောင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ – စစ်ကိုင်းတိုင်း အတွင်းရှိ ကျေးရွာများကို စစ်တပ် စစ်ကြောင်း ဝင်ရောက်လာသောကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများ (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article