25 C
Yangon

မြန်မာနိုင်ငံတွင် စစ်တပ်က ကျူးလွန်သည့် စစ်ရာဇ၀တ်မှုနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇ၀တ်မှုများ အကြိမ်ရေပိုတိုးလာပြီး ပို ရက်စက်ကြမ်းကြုတ်လာဟု IIMM အကြီးအကဲ သတိပေး

Must read

ရန်ကုန်၊ အောက်တိုဘာ ၃၀

မြန်မာနိုင်ငံတွင် စစ်တပ်က ကျူးလွန်သည့် စစ်ရာဇ၀တ်မှုနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇ၀တ်မှုများ အကြိမ်ရေပိုတိုးလာပြီး ပိုမို ရက်စက်ကြမ်းကြုတ်လာကြောင်း မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) အကြီးအကဲ Mr. Nicholas Koumjianက ပြောဆိုသည်။

အောက်တိုဘာလ ၂၉ ရက်နေ့ ၇၉ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ တတိယကော်မတီအစည်းအဝေးတွင် ၎င်းက အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။

“မနှစ်က ဒီကော်မတီမှာ ကျွန်တော်လာရောက်တင်ပြပြီးတဲ့နောက် မြန်မာနိုင်ငံမှာ စစ်ရာဇ၀တ်မှုတွေနဲ့လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇ၀တ်မှုတွေ အကြိမ်ရေပိုတိုးလာပြီး၊ ပိုပြီး ရက်စက်ကြမ်းကြုတ်လာတဲ့အကြောင်းကို စိတ်မကောင်းစွာနဲ့ပဲ ထပ်ပြီးတင်ပြရမှာပါ။ မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေပိုမိုပြင်းထန်လာပြီး အရပ်သားများ ရာနှင့်ချီသေဆုံးခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်အနည်းငယ်အတွင်းမှာပဲ မြန်မာစစ်တပ်ရဲ့ လေ ကြောင်းတိုက်ခိုက်မှုအထောက်အထားတွေကို ယန္တရားက စုဆောင်းခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုတွေထဲ မန္တလေးတိုင်းနဲ့ ကယားပြည်နယ်က ဒုက္ခသည်စခန်းတစ်ခုစီ၊ ရှမ်းပြည်နယ်မြောက်ပိုင်းက ဈေးတွေ၊ စာသင်ကျောင်းတွေနဲ့ ဘုရားကျောင်းတစ်ကျောင်း၊ စစ်ကိုင်းမြို့က မင်္ဂလာဧည့်ခံပွဲတစ်ပွဲနဲ့ ရခိုင်ပြည်နယ်က ကျေးရွာအချို့ ပါဝင်ပါတယ်” ဟု Mr. Nicholas Koumjian က ပြောဆိုသည်။

အကြမ်းဖက်စစ်တပ်က ဆန့်ကျင်သူဟု ထင်မြင်သူမှန်သမျှကို မကြာခဏ ဖမ်းဆီးနေပြီး ဖမ်းဆီးခံရသူများအပေါ် ကျူးလွန်သော ရာဇဝတ်မှုများ များပြားလာကြောင်း၊ အသက်အရွက်ပေါင်းစုံ၊ Gender ပေါင်းစုံမှ လူပုဂ္ဂိုလ်များကို အုပ်စုဖွဲ့ မုဒိမ်းကျင့်မှု၊ အခြားလိင်ပိုင်းဆိုင်ရာ စော်ကားမှုများ၊ ညှဉ်ပန်းနှိပ်စက်မှုများ စစ်တပ်က ကျူးလွန်ခဲ့ကြောင်း၊ မြန်မာစစ်တပ်သာမက တခြားလက်နက်ကိုင်အဖွဲ့များစွာကပါ ကျူးလွန်သည့် အလွန်ရက်စက်ကြမ်းကြုတ်သည့် စစ်ရာဇ၀တ်မှုဆိုင်ရာအထောက်အထားများကိုလည်း ယန္တရားကစုဆောင်းနေကြောင်း၊ ကျူးလွန်မှုတိုင်းအတွက် မည်သည့်နိုင်ငံရေးအဖွဲ့အစည်းကဖြစ်စေ၊ မည်သည့်ဘာသာဝင်ဖြစ်စေ သို့မဟုတ် မည်သည့်လူမျိုးစုဝင်ကဖြစ်စေ ကျူးလွန်ပါက တာဝန်အရှိဆုံးသူများကို မခွဲခြားဘဲ ဖော်ထုတ်ရန် ယန္တရားကလုပ်ဆောင်နေကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

IIMM အနေဖြင့် မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် အထူးပြုသည့် စုံစမ်းစစ်ဆေးမှုအသစ်များ စတင်ရန် လု်ပဆောင်နေကြောင်း၊ ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော်နှင့် မြန်မာစစ်တပ်တို့အကြားမှ တိုက်ပွဲများကြောင့် အရပ်သားလူမျိုးစုပေါင်းစုံ ထိခိုက်မှုဒဏ်ခံနေရကြောင်း၊ ညှဉ်းပန်းနှိပ်စက်မှု၊ မုဒိမ်းမှုနှင့် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများ အပါအဝင် ကြောက်မက်ဖွယ်ရာဇ၀တ်မှုများ အကြောင်း သတင်းပေးပို့ချက်များကို IIMM က လက်ခံရရှိခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

အထူးသဖြင့် ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာများမှာ ထိခိုက်မှုဒဏ်ကို ပိုခံနေရကြောင်း၊ ရိုဟင်ဂျာများ သောင်းနှင့်ချီပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရကြောင်း၊ ရခိုင်ပြည်နယ်နှင့် နိုင်ငံအနှံ့အပြားတွင် ဖြစ်ပွားနေသည့် အခြေအနေများက ကျူးလွန်သူများ၏ ဆယ်စုနှစ်ပေါင်းများစွာပြစ်ဒဏ်ကင်းလွတ်နေခြင်း

၏ အကျိုးဆက်ဖြစ်ကြောင်း၊ ရာဇ၀တ်မှုကျူးလွန်သူများကို တရားစွဲအရေးယူမှု မလုပ်နိုင်လျှင် ရက်စက်ကြမ်းကြုတ်မှုသံသရာ မပြတ်နိုင်ဘဲ ဆက်လက်ဖြစ်ပွားနေမည်ဖြစ်ကြောင်း ၎င်းက တသိပေးသည်။

IIMM က နိုင်ငံတကာရာဇ၀တ်ခုံရုံး၊ အာဂျင်တီးနားဖက်ဒရယ်တရားရုံးနှင့် နိုင်ငံတကာတရားရုံးက တရားရေးအာဏာပိုင်ထံသို့ အချက်အလက်နှင့် စိစစ်သုံးသပ်ချက်မျှဝေမှုကို အရှိန်မြှင့် ဆောင်ရွက်နေကြောင်း၊ ဖမ်းဆီးခြင်း သို့မဟုတ် တရားစွဲဆိုခြင်း လုပ်ဆောင်ရန် IIMM တွင် အခွင့်အာဏာမသော်လည်း ထိုကဲ့သိုပ လုပ်ဆောင်နိုင်သော တရားရေးအာဏာပိုင်များကို ကူညီရန် IIMM က လုပ်ပိုင်ခွင့်ရှိကြောင်း ၎င်းက ရှင်းပြသည်။

မြန်မာနိုင်ငံပြည်သူများက တရားမျှတမှုတစုံတရာရရှိရန် ဆန္ဒပြင်းပြနေကြကြောင်း၊ လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇ၀တ်မှု၊ စစ်ရာဇ၀တ်မှုနှင့် လူမျိုးပြုန်းစေမှုများအတွက်တာဝန်ရှိသူတွေကို တရားစွဲအရေးယူရန် အောင်မြင်မှုတစုံတရာရရှိပါက မြန်မာနိုင်ငံထက်ကျော်လွန်သည့် သက်ရောက်မှု ရှိနိုင်ကြောင်း၊ အကြီးလေးဆုံး နိုင်ငံတကာရာဇ၀တ်မှုကျူးလွန်သူများကို ၎င်းတို့၏ ရာထူးအာဏာကမည်မျှပင် ကြီးမားနေပါစေ တရားမျှတမှုဖော်ဆောင်နိုင်သည်ဆိုသော ခိုင်မာအား ကောင်းသည့် တင်းစကားကို ပေးနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသွားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article