ICJ တရားရုံးအနေဖြင့် စစ်ကောင်စီကို အသိအမှတ်မပြုရန် ကုလသမဂ္ဂညီလာခံတွင် သံအမတ်ကြီးဦးကျော်မိုးထွန်း မိန့်ခွန်း ပြော တောင်းဆို
စစ်တပ်ကျူးလွန်သော သတ်ဖြတ်မှုများက စစ်ရာဇဝတ်မှု အဆင့်ကို ကျော်လွန်၍ လူသားမျိုးနွယ်အပေါ် ထိပါးတိုက်ခိုက်နေ
ရန်ကုန်၊ နိုဝင်ဘာ ၁
အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ အနေဖြင့် စစ်ကောင်စီကို အသိအမှတ်မပြုရန် ကုလသမဂ္ဂအထွေထွေညီလာခံ မျက်နှာစုံညီ အစည်းအဝေးတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုလိုက်သည်။
အောက်တိုဘာလ ၃၀ ရက်နေ့ ၇၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ မျက်နှာစုံညီ အစည်းအဝေး အစီအစဉ်အမှတ် ၇၃ ” အပြည်ပြည်ဆိုင်ရာ တရားရုံး၏ အစီအရင်ခံစာ ” ခေါင်းစဉ်ဖြင့် ဆွေးနွေးမှုအတွင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ကျော်မိုးထွန်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။
ကုလသမဂ္ဂ၏ အဓိကတရားစီရင်ရေး အဖွဲ့အစည်း ဖြစ်သည့် အပြည်ပြည်ဆိုင်ရာ တရားရုံးအနေဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ ကိုယ်စားပြုခွင့်ကို လက်ခံခြင်း မရှိ၊ တရားဝင်မှုကိုလည်း အသိအမှတ်ပြုခြင်းမရှိသည့် ကုလသမဂ္ဂ၏ ရပ်တည် ချက်နှင့် စနစ်တကျ ကိုက်ညီမှုရှိရန် လိုအပ်ပါကြောင်း၊ ထို့အပြင် အပြည်ပြည်ဆိုင်ရာ ဥပဒေ၏ အခြေခံမူဖြစ်သော ex injuria jus non oritur (ဥပဒေမဲ့လုပ်ရပ်များကို အခြေတည်၍ ဥပဒေအခွင့်အရေးများကို တောင်းဆိုခွင့်မရှိစေရ) အရ တရားမဝင် အာဏာသိမ်းယူသူများအနေဖြင့် နိုင်ငံတကာ တရားရုံးများ၏ ရှေ့မှောက်တွင် နိုင်ငံတော်အား ကိုယ်စားပြုခွင့် အပါအဝင် ၎င်းတို့၏ တရားမဝင် လုပ်ရပ်များမှ မည်သည့် ဥပဒေ ဆိုင်ရာ အခွင့်အရေး များကိုမျှ တောင်းဆိုခွင့် မရှိသည်ကို ရှင်းလင်းစွာ ပြဋ္ဌာန်းထား ပါကြောင်း၊အဆိုပါအခြေခံမူသဘောတရားသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီက အကြမ်းဖက်စစ်ကောင်စီ ၏ လုပ်ရပ်များနှင့် စနစ်တကျ လူ့အခွင့်အရေးချိုးဖောက်မှုများကို အတိအလင်း ရှုတ်ချ ထားသည့် လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက် S/RES/2669 (2022) တွင်လည်း ပါဝင်ပါကြောင်း သံအမတ်ကြီးက ထောက်ပြသည်။
လူမျိုးတုန်းသတ်ဖြတ်မှုကို တားဆီးခြင်းနှင့် အပြစ်ပေးခြင်းဆိုင်ရာ ကွန်ဗင်းရှင်း ပါ ပြဋ္ဌာန်းချက်များအား ချိုးဖောက်မှုနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံအပေါ် စွဲဆိုထား သည့်အမှုနှင့် ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်အတွင်း စစ်ဆင်ရေးများ၌ ရိုဟင်ဂျာလူမျိုးများအပေါ် ကျူးလွန်ခဲ့သော ရာဇဝတ်မှုကြီးများ အား အသေးစိတ် စစ်ဆေးကြားနာမှုများ ပြုလုပ်နိုင်ရန်အတွက် အရေးပါသော ရှေ့ခြေလှမ်း တစ်ရပ်အဖြစ် တရားရုံး၏ စီရင်ဆုံးဖြတ်ချက်အား ကြိုဆိုခဲ့သည်သာမက၊ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ထံသို့ တရားရုံး၏ စီရင်ပိုင်ခွင့်အား လက်ခံကြောင်းနှင့် ယခင်တင်သွင်းထားသော ကနဦးကန့်ကွက် ချက်များ အားလုံးကို ရုပ်သိမ်းကြောင်း တရားဝင် ဆက်သွယ် အကြောင်း ကြားခဲ့ပြီး၊ တရားရုံး၏ စီရင်ဆုံးဖြတ်ချက်နှင့်အညီ လိုအပ်သော အစီရင်ခံစာများကို လည်း ပုံမှန် တင်သွင်းလျက်ရှိကြောင်း သံအမတ်ကြီးက ပြောဆိုသည်။
ICJ တရားရုံးတွင် မြန်မာနိုင်ငံ၏ ကိုယ်စားပြုမှုနှင့် စပ်လျဉ်း၍ ကုလသမဂ္ဂ၏ အဓိကအဖွဲ့အစည်း တစ်ခုဖြစ်သော အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ ၏ မည်သည့်ဆုံးဖြတ်ချက်မဆို အထွေထွေ ညီလာခံ ၏ ဆုံးဖြတ်ချက်နှင့် ဟန်ချက်ညီ ဖြစ်ရမည်ဖြစ်ကြောင်း၊ မည်သည့် ဆန့်ကျင်ကွဲလွဲမှုသည်မဆို ကုလသမဂ္ဂအဖွဲ့အစည်းစနစ်တစ်ခုလုံး၏ စနစ်တကျ ပေါင်းစည်း လုပ်ဆောင်နိုင်မှုအပေါ် မေးခွန်းထုတ်ဖွယ်ရာ အခြေအနေတစ်ရပ် ပေါ်ပေါက်လာ စေမည် ဖြစ်၊ အပြည်ပြည်ဆိုင်ရာ ဥပဒေရှုထောင့်အရ ကုလသမဂ္ဂ၏ အဓိကတရားစီရင်ရေး အဖွဲ့အစည်း ဖြစ်သည့် အပြည်ပြည်ဆိုင်ရာ တရားရုံးအနေဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ ကိုယ်စားပြုခွင့်ကို လက်ခံခြင်း မရှိ၊ တရားဝင်မှုကိုလည်း အသိအမှတ်ပြုခြင်းမရှိသည့် ကုလသမဂ္ဂ၏ ရပ်တည် ချက်နှင့် စနစ်တကျ ကိုက်ညီမှုရှိရန် လိုအပ်ကြောင်း သံအမတ်ကြီးက ပြောဆိုသည်။
ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အနေဖြင့် အပြစ်မဲ့အရပ်သားပြည်သူများအပေါ် အကြမ်းဖက် စစ်အုပ်စု၏ စနစ်တကျ ကျူးလွန်လျက်ရှိသော အကြမ်းဖက်လုပ်ရပ်များကို ချက်ချင်းရပ်တန့်စေရန်အတွက် ထိရောက် ပြတ်သားသော အရေးယူဆောင်ရွက်မှုများ အလျင်အမြန် ပြုလုပ်ရန် မလွဲမသွေ တာဝန်ရှိ၊ ထိုကဲ့သို့သော ဆုံးဖြတ်ချက်များကို အားနည်းပျော့ပျောင်းစေခြင်း၊ ဗီတို အာဏာအသုံးပြုမည်ဟု ခြိမ်းခြောက်ခြင်း သို့မဟုတ် အခြားသော သံတမန်ရေးရာလှည့်ကွက်များမှတစ်ဆင့် ရာဇဝတ်မှုကျူးလွန်သူများအား အကာအကွယ်ပေးရန် ကြိုးပမ်း အားထုတ်မှု တစ်စုံတစ်ရာသည် နိုင်ငံတကာ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အခြေခံမူ များနှင့် အရပ်သားပြည်သူများအား ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ စုပေါင်းတာဝန်ရှိမှုတို့ အပေါ် ဆိုးရွားစွာ ထိခိုက်ပျက်ပြား စေနိုင်ပါကြောင်း သံအမတ်ကြီးက ထောက်ပြသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၌ အကြမ်းဖက်စစ်အုပ်စု၏ လတ်တလော ကျူးလွန် ခဲ့သော ရက်စက်ယုတ်မာမှုများအား အဖွဲ့ဝင်နိုင်ငံအသီးသီးသိရှိနိုင်စေရန် အထူးအလေး ထား တင်ပြလိုပါကြောင်း၊ ကြိုတင်စီစဉ်ထားသော အကြမ်းဖက်လုပ်ရပ်တစ်ခုအနေဖြင့် အကြမ်းဖက် စစ်တပ်သည် ကလေးငယ် (၃) ဦး၊ အမျိုးသမီး (၃) ဦးနှင့် သက်ကြီးရွယ်အို (၁) ဦး အပါအဝင် အပြစ်မဲ့ အရပ်သား (၂၄) ဦးအား ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြောင်း၊ အပြစ်မဲ့ပြည်သူများအား ရိုးရိုးသတ်ဖြတ်ခြင်းသာမကဘဲ ခန္ဓာကိုယ်အစိတ်အပိုင်းများကို ရက်စက်စွာ ဖြတ်တောက်၍ အရပ်သားများ၏ ခြံစည်းရိုးများပေါ်တွင် တမင်တကာ ထင်ရှားစွာ ချိတ်ဆွဲထားခဲ့ပါကြောင်း၊ ဤသို့ သေဆုံးသူရုပ်အလောင်းများကို စနစ်တကျ အစိတ်စိတ်အမွှာမွှာ ဖြတ်တောက်ခြင်းနှင့် ရည်ရွယ်ချက်ရှိရှိ အများပြည်သူရှေ့မျက်နှာစာတွင် ပြသထားခြင်းသည် နိုင်ငံတကာဥပဒေ ချိုးဖောက်မှုများထက်ပင် ကျော်လွန်၍ လူ့ဂုဏ်သိက္ခာနှင့် လူသားဆန်မှု၏ အခြေခံမူများအပေါ် အခြေခံကျကျ ထိပါးတိုက်ခိုက်လာခြင်း ဖြစ်ပါကြောင်း ၎င်းက ဆိုသည်။
စစ်တပ်၏ ရက်စက်ယုတ်မာလှသော လုပ်ရပ်များသည် စစ်ရာဇဝတ်မှုများ၏ အဆင့်ကိုပင် ကျော်လွန်၍ လူသားမျိုးနွယ်စုတစ်ရပ်လုံး၏ ယဉ်ကျေးမှုအနှစ်သာရအပေါ် ဆိုးရွားစွာ ထိပါး တိုက်ခိုက်မှုပင် ဖြစ်ပါကြောင်း၊ အပြည်ပြည်ဆိုင်ရာ တရားရုံးအနေဖြင့် ၎င်း၏ တရားစီရင်ရေး လုပ်ငန်းစဉ်များတွင် ဤသို့သော ရက်စက်ကြမ်းကြုတ်လှသည့် ရာဇဝတ်မှု ကျူးလွန် ထားသူများ အား နေရာပေးခြင်းဖြင့် တရားရုံးကိုယ်တိုင် ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိသော နိုင်ငံ တကာ တရားမျှတမှုနှင့် လူ့ဂုဏ်သိက္ခာဆိုင်ရာ အခြေခံမူများအပေါ် ထိခိုက်ပျက်စီး စေလာ နိုင်မှုအန္တရာယ်ကို သုံးသပ် ဆင်ခြင်ရန် လိုအပ်နေကြောင်း သံအမတ်ကြီးက ပြောဆိုသွားသည်။