31 C
Yangon

MNDAA ၊ AA နှင့် TNLA တို့က တရုတ်ကြားဝင်စေ့စပ်ထားသော ငြိမ်းချမ်းရေးသဘောတူညီချက်ကို ဖောက်ဖျက်ပြီး မြို့ရွာများကို တိုက်ခိုက်ဟု မင်းအောင်လှိုင်က တရုတ်ဝန်ကြီးချုပ်ကို တိုင်ကြား၊ တရုတ်ကလည်း စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ကူညီမည်ဟု ကတိပြု

Must read

ရန်ကုန်၊ နိုဝင်ဘာ ၇

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် MNDAA ၊ AA နှင့် TNLA တို့က တရုတ်ကြားဝင်စေ့စပ်ထားသော ငြိမ်းချမ်းရေးသဘောတူညီချက်ကို ဖောက်ဖျက်ပြီး မြို့ရွာများကို တိုက်ခိုက်နေကြောင်း အကြမ်းဖက် မင်းအောင်လှိုင်က တရုတ်ဝန်ကြီးချုပ် Mr. Li Qiang ကို တိုင်ကြားသည်။

နိုဝင်ဘာလ ၆ ရက်နေ့ မဲခေါင်အစည်းအဝေးတက်ရောက်ရန် တရုတ်နိုင်ငံ၊ ကူမင်းမြို့သို့ ရောက်ရှိနေသည့် အကြမ်းဖက် မင်းအောင်လှိုင်က ထိုသို့ တိုင်ကြားလိုက်ခြင်းဖြစ်သည်။

အကြမ်းဖက်စစ်တပ်အနေဖြင့် ၂၀၁၈ ခုနှစ်ကတည်းက အပစ်အခတ်ရပ်စဲရေး ကြေညာခဲ့ကြောင်း၊ လက်နက်ကိုင်အဖွဲ့များက တိုက်ခိုက်မှသာ စစ်တပ်က တုံ့ပြန်တိုက်ခိုက်ခဲ့ကြောင်း၊ MNDAA ၊ AA နှင့် TNLA တို့က ၂၀၂၂ ခုနှစ်၊ ဧပြီလ ငြိမ်းချမ်းရေး ကမ်းလှမ်းချက်ကို ငြင်းပယ်ပြီး MNDAA က ၎င်းတို့၏ အထူးဒေသ ၁ ပြန်လည် အသက်သွင်းနိုင်ရေး ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်တပ်စခန်းများ၊ ချင်းရွှေဟော်မြို့ကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့တွင် အင်အားသုံးစတင်တိုက်ခိုက်ခဲ့ကြောင်း၊ တရုတ်အစိုးရ၏ ကြားဝင်စေ့စပ်မှုဖြင့် ငြိမ်းချမ်းရေး သဘောတူညီချက်ရရှိခဲ့သော်လည်း ၎င်းတို့အနေဖြင့် သဘောတူညီချက်ကို ချိုးဖောက်ကာ မြို့ရွာများကို ဆက်လက် တိုက်ပွဲဖော်ဆောင်ခဲ့ကြောင်း ၎င်းက ဆိုသည်။

MNDAA ၊ TNLA နှင့် AA အဖွဲ့ ၃ ဖွဲ့အနေဖြင့် ငြိမ်းချမ်းရေးကို လိုလားကြောင်း ရှင်းလင်းပြတ်သားသည့် လုပ်ဆောင်ချက် ပြသလာမှသာ အကြမ်း ဖက် စစ်ကောင်စီအနေဖြင့် ဆွေးနွေးမှု ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ နယ်စပ်ဒေသမှ လက်နက်ကိုင်များ၏ အထောက်အပံ့ဖြစ်သည့် တရားမဝင်လုပ်ငန်းများ၊ တရားမဝင် ကုန်သွယ်မှုများကို တိုက်ဖျက်ရှင်းလင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း အကြမ်းဖက် မင်းအောင်လှိုင်က ဆိုသည်။

သို့ရာတွင် အကြမ်းဖက်မင်းအောင်လှိုင်က စစ်တပ်က ၂၀၀၈ အခြေခံဥပဒေကို ဖောက်ဖျက်၍ တရား မဝင်အာဏာသိမ်းယူမှု၊ ပြည်သူလူထု၏ ငြိမ်းချမ်းသော ဆန့်ကျင်ကန့်ကွက် ဆန္ဒပြမှုအပေါ် စစ်တပ်က ရက်ရက်စက်စက် သတ်ဖြတ်မှု၊ လေယာဉ်ဖြင့် ပြည်သူများကို ဗုံးကျဲသတ်ဖြတ်မှု၊ စစ်တပ်က ပြည်သူများကို သတ်ဖြတ်ပြီး နေအိမ်များကို မီးရှို့ ဖျက်ဆီးမှု အပါအဝင် ၎င်းတို့ကျူးလွန်သော စစ်ရာဇဝတ်မှုများနှင့်အကြမ်းဖက်မှုများနှင့်ပတ်သက်ပြီး တစ်စုံတစ်ရာ ထုတ်ဖော် ပြောဆိုခြင်းမရှိပေ။

တရုတ်ဝန်ကြီးချုပ်ကလည်း စစ်ကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ၅ ချက်ကို ထောက်ခံကြောင်း၊ မြန်မာ နိုင်ငံ၏ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ဆန္ဒပြု ကူညီမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေး အရေးကြီးပြီး တရုတ်နိုင်ငံတွင်း အခြေပြု၍ မြန်မာနိုင်ငံ၏ အကျိုးကို ပျက်စီးအောင် ဆောင်ရွက်နေမှုများကို လက်သင့်ခံမည်မဟုတ်ကြောင်း ၊ တရုတ်-မြန်မာစင်္ကြန်တည်ဆောက်ရေးကို အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တရုတ်ဝန်ကြီးချုပ်က ပြောဆိုသည်။

အဆိုပါတွေ့ဆုံပွဲတွင် တရုတ်နှင့် မြန်မာနိုင်ငံအကြား နားလည်မှုစာချွန်လွှာနှင့်သဘောတူညီချက် ၇ ခုကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article