27 C
Yangon

အမေရိကန်သမ္မတအဖြစ် ဒေါ်နယ်ထရမ့် ရွေးကောက်ခံရမှု NUG ယာယီသမ္မတ ဂုဏ်ပြုလိုက်ပြီး ခိုင်မာသော ဆက်ဆံရေး ဆက်လက်ထူထောင်ရန် မျှော်လင့်ဟုဆို၊ မြန်မာ့အရေးနှင့် ဒုက္ခသည်များအရေး အမေရိကန်အစိုးရသစ်က လျစ်လျူရှုမည်ကို ပြည်တွင်းပြည်ပ စိုးရိမ်

Must read

ရန်ကုန်၊ နိုဝင်ဘာ ၇

အမေရိကန်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံလိုက်ရသော သမ္မတဟောင်း ဒေါ်နယ်ထရမ့် ပြန်လည် ရွေးကောက်ခံရမှုအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ-NUG ယာယီသမ္မတ ဒူဝါလရှီးလက ချီးကျူးဂုဏ်ပြုကြောင်း သူ၏ လူမှုကွန်ရက် X အကောင့်မှ တစ်ဆင့် ထုတ်ပြန် ပြောဆိုသည်။

“အမေရိကန်သမ္မတအဖြစ် ပြန်လည် ရွေးကောက် အနိုင်ရရှိမှု အပေါ် ဂုဏ်ယူကြောင်း၊ သမ္မတ ဒေါ်နယ်ထရမ့်၏ ခေါင်းဆောင်မှုအောက်တွင် အရေးကြီးပြီး ခိုင်မာသော ဆက်ဆံရေး ဆက်လက် ထူထောင်သွားရန် မျှော်လင့်ကြောင်း NUG ယာယီသမ္မတက ထုတ်ဖော်ပြောဆိုထားသည်။

အမေရိကန်သမ္မတအဖြစ် ဒေါ်နယ်ထရမ့် ရွေးကောက်ခံရမှုအပေါ် မြန်မာ့အရေးကို စိတ်ဝင်စားမှုမရှိဘဲ လျစ်လျူရှုထားမည်ကို ပြည်တွင်းပြည်ပ နိုင်ငံ ရေးအသိုင်းအ၀ိုင်းက စိုးရိမ်နေကြပြီး အထူးသဖြင့် မြန်မာ့နိုင်ငံရေး အကျပ် အတည်း နှင့် မြန်မာ ဒုက္ခသည်များအရေးမှာ မေ့ထားမည်ကို ရတက်မအေး ဖြစ်နေကြကြောင်း နိုင်ငံရေးသုံးသပ်သူများက ပြောဆိုကြသည်။

“အမေရိကန်သမ္မတ ဘိုင်ဒင်လက်ထက်မှာ မြန်မာ့အရေးကို Burma Act ရှိနေတာတောင် အကူအညီက လောက်လောက်လားလားမရဘူး။ မြန်မာ့အရေး နဲ့ပတ်သက်လို့ အမေရိကန်ဘက်က တစ်လျှောက်လုံး စိုးရိမ်တယ်၊ ပူပန်တယ်၊ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ချက်အတိုင်းရပ်တည်ပါမယ်နဲ့ပဲ အဆုံးသတ်သွားတယ်။ တော်လှန်ရေးကာလ ၄ နှစ်ထဲသာဝင်လာတယ် အမေရိကန်ဘက်က မြန်မာ့အရေးကို စိတ်ဝင်စားဟန်ပဲပြဦးတော့ အရေးကြီးတဲ့ ကူညီမှုတွေ ဘာတစ်ခုမှ မရှိခဲ့ဘူး။ အခု တက်လာမယ့် အမေရိကန် သမ္မတသစ် ဒေါ်နယ်ထရမ့် လက်ထက်မှာတော့ သူ့ နိုင်ငံ၊ သူ့စီးပွားရေးကိုပဲ ဦးစားပေးမယ်ပြောထားတော့ မြန်မာ့အရေးက ပိုပြီးတော့ လျစ်လျူရှုခံရမယ်လို့ မြင်ပါတယ်။ တော်လှန်ရေး ဒီအခြေအနေအထိ ရောက်လာတာက ဘယ်သူ့အကူအညီမှ မပါဘဲ ရောက်တယ် ဆိုပေမယ့် အမေရိကန်နဲ့ အနောက်နိုင်ငံတွေ၊ ဥရောပနိုင်ငံတွေရဲ့ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုတွေက စစ်တပ်နဲ့ စစ်ဗိုလ်ချုပ်တွေကို အရှိုက်ထိစေတာက တော့ သေချာပါတယ်။ စိုးရိမ်တာကတော့ မြန်မာ့အရေး ဘာဖြစ်ဖြစ်ဆိုပြီး အမေရိကန်က ပစ်ထားလိုက်မှာကိုပဲ” ဟု ရန်ကုန်အခြေစိုက် နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးက သုံးသပ်ပြောဆိုသည်။

အမေရိကန်ရောက် မြန်မာတစ်ဦးကမူ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ပြန်လည် အရွေးချယ်ခံရမှုသည် မြန်မာ့အရေးအတွက် အခွင့်အလမ်းအသစ်ဖြစ်လာနိုင်ကြောင်း၊ သို့ရာတွင် NUG အပါအဝင် တော်လှန်ရေး အင်အားစုများအနေဖြင့် ထိတွေ့ဆက်ဆံရေး မဟာဗျူဟာအသစ်ဖြင့် အမှန်တကယ်ဩဇာကြီးသော ရီပတ်ဘလစ်ကန် အမတ်နှင့်တာဝန်ရှိသူများကို ထိတွေ့ဆက်ဆံနိုင်ရေး အရေးကြီးသည်ဟု သုံးသပ်ပြောဆိုသည်။

“ဘယ်လို Engagement လုပ်မလဲ။ ဘယ်လိုထိတွေ့ဆက်ဆံမလဲဆိုတာက အရေးကြီးတယ်။ ပေါက်ရောက်တဲ့သူ နားလည်တဲ့သူ၊ ထိတွေ့ဆက်ဆံနိုင်တဲ့သူတွေကတစ်ဆင့် ထိုးဖောက်ဝင်ရောက် မြန်မာ့အရေးမှာ တရုတ် ဗိုလ်ကျ အုပ်စိုးလာမှုတွေကို သေသေချာချာ ရှင်းပြနိုင်ရင်၊ ကိုယ့်ဘက်ပါအောင် ဆွဲဆောင်နိုင်ရင် ဒီအခြေအနေက မြန်မာ့အရေး ကိုယ်လိုချင်တဲ့ပန်းတိုင်ဆီရောက်အောင် သွားနိုင်တဲ့ တွန်းအား အခွင့်အရေးအသစ်တွေ ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် Out of Box တော့စဉ်းစားဖို့လိုတယ်။ Closed Box လုပ်နေလို့တော့ မဖြစ်ဘူး။ သေချာတာက​ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တရုတ်ကိုလုံး၀မကြိုက်ဘူး။ အမေရိကန် နံပါတ် ၁ ပဲဖြစ်ရမယ်ဆိုတဲ့သူ ” ဟု ၎င်းက ဆိုသည်။

အမေရိကန်စစ်တပ်မှ အငြိမ်းစား ဒုတိယဗိုလ်မှူးကြီး ဒေါက်တာမီမီဝင်းဘတ်ကမူ အမေရိကန်အစိုးရအဖွဲ့အသစ်က ချမှတ်လာမည့် နိုင်ငံခြားမူဝါဒအသစ်များကြောင့် မြန်မာ့အရေးအတွက် အခွင့်အလမ်းသစ်နှင့်ကြီးမားသော ရည်မှန်းချက်များဖြစ်ပေါ်လာနိုင်ကြောင်း လူမှုကွန်ရက်တွင် သုံးသပ်ရေးသားထားသည်။

“ကျမရဲ့ မြန်မာမိတ်ဆွေများဟာ အမေရိကန်အုပ်ချုပ်ရေးအသစ်က မြန်မာနိုင်ငံဆိုင်ရာ မူဝါဒကို အနာဂတ်မှာ ဘယ်လိုသက်ရောက်မှုရှိနိုင်မလဲဆိုတာစိတ်ဝင်စားနေကြတယ်။ အထူးသဖြင့် လက်ရှိဒီမိုကရေစီရရှိရေး ကြိုးပမ်းနေမှုအပေါ် အစိုးရအသစ်ရဲ့သဘောထားက ဘယ်လိုသက်ရောက်မှုရှိလာမလဲဆိုတာကိပေါ့၊ သမိုင်းကြောင်းအရ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်မူဝါဒဟာ အင်အားကြီး ပါတီနှစ်ခုလုံးရဲ့ အထောက်အပံ့ကို ရရှိဖူးပြီး မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြန်လည်ထူထောင်ရေးအပေါ် ကတိကဝတ်ပြုလာခဲ့တာကြောင့် ဒီအတွက် တည်ငြိမ်မှုရှိတယ်။ အစိုးရအဖွဲ့အသစ်မှာ ခေါင်းဆောင်အသစ်တွေ ပါလာတာကြောင့် အမေရိကန်နိုင်ငံခြားရေး မူဝါဒအသစ်တွေ ဖန်တီးနိုင်တဲ့ အခွင့်အလမ်းအသစ်တွေနဲ့ ကြီးမားတဲ့ရည်မှန်းချက်တွေ ဖြစ်ပေါ်လာနိုင်တယ်လို့သုံးသပ်မိပါတယ်” ဟု ပါမောက္ခဒေါက်တာမီမီဝင်းဘတ်က ရေးသားထားသည်။

စစ်အာဏာရှင်များ၏ ဖိနှိပ်သတ်ဖြတ် ဖမ်းဆီးမှုများကြောင့် ထိုင်း-မြန်မာနယ်စပ်သို့ တိမ်းရှောင်လာပြီး မဲဆောက်မြို့တွင် ရောက်ရှိနေကာ တတိယနိုင်ငံတစ်ခုသို့ ပြောင်းရွှေ့ရန် လျှောက်ထားသူတစ်ဦးကမူ မဲဆောက်တွင် UNHCR တွင် ဒုက္ခသည်အဖြစ် စာရင်းပေးသွင်းထားသူ အများအပြားရှိနေပြီး အမေရိကန်သို့ ပြောင်းရွှေ့ခွင့်ရရန် စောင့်ဆိုင်းနေသူများလည်းရှိနေကြောင်း၊ အမေရိကန်သမ္မတသစ်အဖြစ် ဒေါ်နယ်ထရမ့် တက်လာ၍ ဒုက္ခသည်များ ခေါ်ယူမှု ရပ်ဆိုင်းသွားမည်ဟု သိရှိထားကြောင်း ပြောဆိုသည်။

“ပြည်တွင်းမှာလည်း ထောက်/ပို့လုပ်ခဲ့လို့ K-Pay အပိတ်ခံရာကနေ တစ်ဆင့် ခြေရာခံပြီး စစ်တပ်ရဲ့ လိုက်ဖမ်းတာခံရတာ။ အကြမ်းဖက်ဥပဒေနဲ့ အမှုဖွင့်ခံထားရတယ်။ ကိုယ်ရဲ့ အိမ်တွေရော ဆိုင်တွေရော ချိတ်ပိတ်ခံလိုက်ရတယ်။ လက်ဗလာနဲ့ ပြေးလာတာ။ မဲဆောက်မှာ ရောက်တာ အခု ၂ နှစ်နီးပါးရှိပြီ။ မဲဆောက်မှာလည်း အလုပ် လုပ်မရဘူး။ ပြည်တွင်းထဲလည်း ပြန်ဝင်မရဘူး။ UNHCR တင်ထားတာလည်း ၂ နစ်ပြည့်တော့မယ်။ အမေရိကန်ပြောင်းရွှေ့ခွင့်ရဖို့ မျှော်လင့်ထားပါတယ်။ အခု မဲဆောက်မှာ ဒုက္ခ သည်တွေကို အမေရိကားက မခေါ်တော့ဘူး သမ္မတ ဒေါ်နယ်ထရမ့်က ပိတ်ပင်မယ်ဆိုပြီး ပြောနေကြတယ်။ တတိယနိုင်ငံတစ်ခုမှ မသွားရင်လည်း ပိုပြီး ဒုက္ခရောက်မှာ။ မဲဆောက်မှာလည်း အဆင်မပြေဘူး၊ ပြည်တွင်းထဲမှာလည်း ပြန်ဝင်မရတော့ဘူး” ဟု မဲဆောက်တွင် ရောက်ရှိနေသည့် ထောက်ပို့တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်တပ်၏ စစ်အာဏာသိမ်းမှုကြောင့် အိန္ဒိယနိုင်ငံ၊ မလေးရှားနိုင်ငံနှင့် ထိုင်းနိုင်ငံတိုသို့ ထွက်ပြေးတိမ်းရှောင်ရသော မြန်မာဒုက္ခသည်အရေအတွက် သိန်းချီရှိနေပြီး အဆိုပါ ဒုက္ခသည်များမှာ တတိယနိုင်ငံများတွင် အခြေချခွင်ရရှိရန်နှင့် စစ်ကောင်စီလက်ထဲသို့ ပြန်လည် မပို့ဆောင်ရန် အဓိက လိုလားနေကြကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article