25 C
Yangon

အမ်းနှင့်ဂွမြို့နယ်တွင် စစ်ကောင်စီတပ်စခန်း ၄ ခုကို AA ထပ်မံသိမ်းပိုက်

Must read

အမ်းနှင့်ဂွမြို့နယ်တွင် စစ်ကောင်စီတပ်စခန်း ၄ ခုကို AA ထပ်မံသိမ်းပိုက်

ရန်ကုန်| နိုဝင်ဘာ ၇

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ ရခိုင်ပြည် အမ်းမြို့က တပ်ရင်းနှစ်ခုနှင့် ဂွမြို့နယ်က တပ်စခန်းနှစ်ခုကို အာရက္ခတပ်တော် AA က နိုဝင်ဘာလ ၆ ရက်နေ့တွင် သိမ်းပိုက်ခဲ့ကြောင်း ဒေသခံ စစ်ရေးသတင်းသိသူများက ပြောသည်။

ဂွမြို့နယ်က တိုင်ကျိုးတပ်စခန်းနှင့် ယင်းရွာအနီးရှိ ပုဂံတောင်တပ်စခန်းကို နိုဝင်ဘာလ ၅ ရက်နေ့တွင် စတင်တိုက်ခိုက်ပြီး နိုဝင်ဘာ ၆ ရက် နေ့လယ်ပိုင်းတွင် AA က သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

“တိုင်ကျိုးနဲ့ ပုဂံတောင်ကို သိမ်းလိုက်ပါပြီ။ မကြာခင် ကမ်းသာယာကို သိမ်းပြီးတော့ ဂွမြို့ထဲ ရောက်လာနိုင်ပါတယ်။ AA ရဲ့ ထိုးစစ်က ဂွမြို့နဲ့ အလွန်နီးကပ်လာပါပြီ။ ဂွဒေသမှာ စစ်ကောင်စီ ကင်းစင်တော့မှာပါ” ဟု စစ်ရေး သတင်းရင်းမြစ်က ပြောသည်။

သံတွဲမြို့နှင့် ငပလီမြို့ကို သိမ်းပြီးနောက် ဂွမြို့နယ်ကို သိမ်းပိုက်နိုင်ရန် ပြီးခဲ့သည့် တစ်လကျော်ခန့်က AA ၏ ထိုးစစ်တင်လာရာ ရက်ပိုင်းအတွင်း ကျိန္တလီမြို့ကို ထိန်းချုပ်ပြီး ကုလားပြင်တပ်စခန်းကို ဆက်လက်သိမ်းပိုက်ကာ ယခု ဂွမြို့နှင့် ၁၀ မိုင်ပတ်လည်ကို ရောက်ရှိလာခြင်းဖြစ်သည်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းမြို့ကိုလည်း လပေါင်းများစွာ ပိတ်ဆို့ဖြတ်တောက်ပြီးနောက် အောက်တိုဘာလ ဒုတိယအပတ်ကစ၍ အာရက္ခတပ်တော် AA သည် ထိုးစစ် အရှိန်အဟုန်မြှင့် တိုက်ခိုက်နေသည်။

ထိုးစစ်အရှိန်မြှင့် ရက်ပေါင်း ၂၀ ကျော်အတွင်း အမ်းမြို့နှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အတွက် အဓိက အရေးပါသော စွေ့ချောင်းဗျူဟာနှင့် မဲတောင်ဗျူဟာကို AA က ဆက်တိုက် သိမ်းပိုက်ခဲ့သည်။

ယင်းမှတစ်ဆင့် အမ်းလေဆိပ်ကို ဘက်ပေါင်းစုံကပိတ်ဆို့ကာ မြို့ဝင်ပေါက် လေးခုကိုလည်း ပူးပေါင်းတပ်ဖွဲ့များဖြင့် ပိတ်ဆို့ထားပြီး စစ်ကောင်စီတပ်ရင်း၊ တပ်စခန်းများကို စီးနင်းဝင်ရောက် တိုက်ခိုက်နေသည်။

အောက်တိုဘာလ ဒုတိယအပတ်ကနေ နိုဝင်ဘာလ ၄ ရက်နေ့အထိ အမ်းမြို့အတွက် အရေးပါသော ခမရ ၃၇၂, ၃၇၃၊ ဆေးတပ်၊ ထောက်ပို့တပ်၊ တစ်မိုင်ကုန်းတပ်၊ စစ်ဆေးရုံ၊ ကံ့ကော်တစ်ထောင်စခန်း၊ သင်တန်းကျောင်း၊ စရဖ စသဖြင့် AA က သိမ်းပိုက်ထားသည်။

နိုဝင်ဘာလ ၆ ရက်နေ့ ညနေပိုင်းတွင် အာရက္ခတပ်တော် AA သည် အမ်းမြို့နှင့် နပခအတွက် အလွန်အရေးပါသော မြို့ထဲရှိ ခမရ ၃၇၁ တပ်ရင်းနှင့် စစ်လက်နက်ပစ္စည်းသိုလှောင်ရေးတပ် COD တို့ကို တပြိုင်တည်း ထပ်မံ သိမ်းပိုက်ခဲ့သည်။

” အမ်းမြို့က နပခ ကိုကာကွယ်ထားတဲ့ စစ်ကောင်စီတပ်ရင်း၊ တပ်စခန်းနဲ့ အမြောက်တပ် တော် တော်များများကို AA က သိမ်းပိုက်ထားလိုက်ပါပြီ။ မနေ့ကဆို ခမရ ၃၇၁ နဲ့ လက်နက်သိုလှောင်တပ်ကို သိမ်းလိုက်တယ်လို့ သိရတယ်။ အမ်းမှာ ကျန်နေတဲ့ တပ်ဖွဲ့ဝင်တွေဟာ ပြေးစရာမြေမရှိတာကြောင့် လက်နက်ချဖို့အထိ ကြားနေရပါတယ်။ တပ်တော်ဘက်ကလည်း လက်နက်ချအလင်းဝင်ဖို့ ပြောထားတယ်လို့ သိရပါတယ်” ဟု စစ်ရေးသတင်းရင်းမြစ်ကဆိုသည်။

ရခိုင်ပြည်နှင့် မကွေးတိုင်းဆက်ထားသည့် အမ်း-ပဒါန်းလမ်းပိုင်းတွင် လုံခြုံရေးယူထားသော စစ်ကောင်စီ၏ ကင်းစခန်းနှစ်ခုကို လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway)၊ အရှိုချင်းကာကွယ်ရေးတပ်(ACDF) နှင့် မင်းဘူးခရိုင်အမှတ်(၂) တပ်ရင်းတို့က ပူးပေါင်းတိုက်ခိုက်ခဲ့သည်။

ဂုတ်ကြီးရွာထိပ် ဘုံဘောလမ်းဆုံနှင့် မိုင်တိုင် ၁၁ ရှိ စစ်ကောင်စီ ကင်းစခန်းနှစ်ခုကို နိုဝင်ဘာ ၅ ရက် နံနက် ၁၁ နာရီကျော်အချိန်တွင် နာရီဝက်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အာရက္ခတပ်တော် AA သည် အမ်းမြို့နှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို သိမ်းပိုက်နိုင်ရန် အရှိန်မြှင့်တိုက်ခိုက်နေချိန် တစ်ပြိုင်တည်း တောင်ကုတ်၊ မောင်တော၊ ဂွမြို့နယ်တို့တွင်လည်း စစ်ကောင်စီတပ်ရင်းများကို တိုက်ခိုက်နေသည်။

ဓာတ်ပုံ- စစ်ကောင်စီ၏ တပ်စခန်းဌာနချုပ်တစ်ခုကို သိမ်းပိုက်ထားသော AA တပ်ဖွဲ့။ (ပုံအဟောင်း ဖြစ်ပါသည်။)

(Western News သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article