ပြည်သူကို ရက်စက်ယုတ်မာ သတ်ဖြတ်ခဲ့သည့် မင်းအောင်လှိုင်ကို တွေ့ဆုံခဲ့သော ထိုင်းဝန်ကြီးချုပ်မှာ မြန်မာပြည်သူများ၏ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများကို နားမလည်သူဟု ထိုင်းလွှတ်တော်အမတ် ဝေဖန်
ရန်ကုန်၊ နိုဝင်ဘာ ၈
မြန်မာပြည်သူများကို သတ်ဖြတ်ပြီး ရက်စက်ယုတ်မာမှုများအတွက် တာဝန်ရှိသော အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တွေ့ဆုံခဲ့သော ထိုင်းဝန်ကြီးချုပ်သည် သန်းချီသော မြန်မာပြည်သူများ၏ လူ့အခွင့်အရေးချိုးဖောက်ခံနေရမှု အကျပ်အတည်းကို နားမလည်သူဖြစ်ကြောင်း ထိုင်းလွှတ်တော်အမတ်က ပြင်းပြင်းထန်ထန် ဝေဖန်လိုက်သည်။
အရပ်သားများကို သတ်ဖြတ်ခြင်း အပါအဝင် မြန်မာစစ်အစိုးရ၏ စနစ်တကျ လူ့အခွင့်ရေး ချိုးဖောက်မှုများကို ကိုင်တွယ်ဖြေရှင်းရန် ပျက်ကွက်နေသော စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တွေ့ဆုံခြင်းနှင့် စစ်ကောင်စီ၏ ရွေးကောက်ပွဲ အချိန်ဇယားကို ထောက်ခံနေခြင်းကို ထိုင်းလွှတ်တော်အမတ် Kannavee Suebsang က ဝေဖန်ရှုတ်ချလိုက်သည်။
ထိုင်းဝန်ကြီးချုပ် Paetongtarn Shinawatraဥသည် တရုတ်နိုင်ငံ၊ ကူမင်းတွင် မဲခေါင်နိုင်ငံများ အစည်း အဝေး တက်ရောက်စဉ် မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့ခြင်းသည် ထိုင်းနိုင်ငံခြားရေး ပေါ်လစီ ၏ အားနည်းချက်ကို သက်သေပြနေပြီး သံတမန်ဆိုင်ရာ ဆက်ဆံရေးများအတွက် စိုးရိမ်ပူပန်စရာ ဖြစ်ပေါ်လာကြောင်း ၎င်းကဆိုသည်။
စစ်အာဏာသိမ်းထားသော မြန်မာနိုင်ငံနှင့်ပတ်သက်၍ ထိုင်းနိုင်ငံအနေဖြင့် နှစ်နိုင်ငံအကြားတွင်သော်လည်းကောင်း၊ ဘက်စုံပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ချဉ်းကပ်မှုတွင်လည်း ကောင်း ကို ပြန် လည်သုံးရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
အကြမ်းဖက် စစ်တပ်၏ ရွေးကောက်ပွဲအချိန်ဇယားကို ထောက်ခံခြင်းဖြင့် ရက်စက်ယုတ်မာမှုများအတွက် တာဝန်ရှိသော စစ်ကောင်စီက ကျူးလွန်သော လုပ်ရပ်များ၊ ကျယ်ပြန့်သော လူ့အခွင့် အရေးချိုးဖောက် မှုများကို ထောက်ခံအားပေးနေသည့် သဘောဖြစ်နေ၍ စိုးရိမ်မှုများ မြင့်တက်စေကြောင်း ၎င်းက ဆိုသည်