26 C
Yangon

Update News- မိထ္တီလာ၊ ရှမ်းတဲလေတပ် တိုက်ခိုက်ခံရမှု စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုအချို့ရှိပြီး စစ်ကောင်စီကမူ ဒရုန်းများဖြင့် လာရောက်တိုက်ခိုက်၍ ဒရုန်းလွှတ်သောနေရာများကို လိုက်လံရှာဖွေနေဟု သတင်းထုတ်ပြန်

Must read

Update News- မိထ္တီလာ၊ ရှမ်းတဲလေတပ် တိုက်ခိုက်ခံရမှု စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုအချို့ရှိပြီး စစ်ကောင်စီကမူ ဒရုန်းများဖြင့် လာရောက်တိုက်ခိုက်၍ ဒရုန်းလွှတ်သောနေရာများကို လိုက်လံရှာဖွေနေဟု သတင်းထုတ်ပြန်

ရန်ကုန်၊ နိုဝင်ဘာ ၁၁

မန္တလေးတိုင်း၊ မိတ္တီလာမြို့နယ်၊ ရှမ်းတဲလေတပ်စခန်းကို ယနေ့ နံနက်ပိုင်း တိုက်ခိုက်ခံရမှု ဖြစ်ပွားခဲ့ရာတွင် စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုအချို့ရှိကြောင်း မိတ္တီလာအခြေစိုက် သတင်းရင်းမြစ်တချို့က ပြောဆိုသည်။

ယနေ့ နံနက် ၄ နာရီ ၄၅ မိနစ်အချိန် ရှမ်းတဲလေတပ်စခန်း အပါအဝင် တပ်နေရာများကို ဒုံး၊ ဗုံးများဖြင့် ပစ်ခတ်ခံရပြီး ပေါက်ကွဲမှုများစွာဖြစ်ပေါ်ခဲ့ကြောင်း၊ နောက် ဆက်တွဲ သတင်းများအရ ရှမ်းတဲလေတပ်စခန်းအတွင်း ပေါက်ကွဲမှုကြောင့် အရာရှိနှင့်စစ်သည်တချို့ သေဆုံးဒဏ်ရာရရှိမှုတချို့ ဖြစ်ပေါ်ခဲ့သည်ဟု သိရှိရကြောင်း ဒေသသတင်းရင်းမြစ်က ဆိုသည်။

“ရှမ်းတဲလေတပ်မှာ အရာရှိ ၁ ဦးနဲ့ စစ်သည်တချို့ သေဆုံးဒဏ်ရာရတယ်လို့ သိရတယ်။ အရေအတွက်တော့ မသိရဘူး။ သေဆုံးတာနဲ့ ဒဏ်ရာရတာတွေရှိတယ်လို့ပဲ သိရတယ်” ဟု ဒေသသတင်းရင်းမြစ်က ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက သတင်းထုတ်ပြန်လာရာတွင် မန္တလေးတိုင်း၊ ရှမ်းတဲလေတပ်သို့ လာရောက်တိုက်ခိုက်သော Fixed Wing Drone များ ပေါက်ကွဲပျက်စီးသွားကြောင်း၊ မိတ္ထီလာမြို့၊ ပြည်သာယာ(မြောက်)ရပ်ကွက်နှင့်ဇောင်ချမ်းကုန်းရပ်ကွက်များပေါ်သို့ Fixed Wing Drone များ တိုက် ခိုက်ရန် ပျံသန်းလာစဉ် လေထဲတွင် ၈စီးခန့် ပေါက်ကွဲမှုဖြစ်ပွားပြီး အောက်သို့ ပြုတ်ကျခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

မိတ္ထီလာမြို့နယ်၊ရှမ်းတဲကျေးရွာမြောက်ဘက် ရှမ်းတဲလေတပ်ကို Fixed Wing Drone များဖြင့် တိုက်ခိုက်ရာ လေကြောင်းရန် ကာကွယ်ထိန်းချုပ်မှုစနစ်ကြောင့် အဆိုပါ Drone ၈ စီးမှာ ပြောင်းခင်းအတွင်းတွင် ၁စီး၊ ကျီတော်ကုန်းရပ်ကွက်၊ ရန်ကုန်-မန္တလေးလမ်းဟောင်းဘေး၊ Grand Cosmos Hotel အနီးတွင် Fixed Wing Drone အပိုင်းအစ ၁ ခု၊ပြည်သာယာ (မြောက်)ရပ်ကွက်ရှိ မဟူရာသုဿန်တွင် Fixed Wing Drone ၁ စီးတို့အား ရှာဖွေတွေ့ရှိခဲ့ကြောင်း၊ ဖြစ်စဥ်ဖြစ်ပွားရာနေရာများသို့ သက်ဆိုင်ရာ မိတ္ထီလာတပ်နယ်မှလုံခြုံရေးတာဝန်ရှိသူများက Drone လွှတ်တင်သော နေရာများကို စုံစမ်းစစ်ဆေး ရှာဖွေလျက်ရှိကြောင်း၊ Drone များ ပေါက်ကွဲပျက်ကျမှုကြောင့် အဆောက်အဦးနှင့်လူ ထိခိုက်ပျက်စီးမှုမရှိကြောင်း သတင်းထုတ်ပြန်ထားသည်။

ဓာတ်ပုံ- ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့ တပ်မတော်(လေ)၏ ၇၄ နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားတွင်း ခင်းကျင်းပြသထားသော ရဟတ်ယာဉ်နှင့်စစ်လေယာဉ်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article