ရန်ကုန်၊ နိုဝင်ဘာ ၁၂
မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်တိုက်ထုတ်နေသော မြန်မာပြည်သူများကို အမေရိကန်သမ္မတအဖြစ် ပြန်လည်ရွေးကောက်ခံရသော သမ္မတလောင်း ထရမ့်နှင့် အမေရိကန်ပြည်သူများက ထောက်ခံ အားပေးရန် ယုံကြည် မျှော်လင့်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG ပြည် ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောဆိုသည်။
ယနေ့နိုဝင်ဘာလ ၁၂ ရက်နေ့တွင် “ပြည်သူလူထုနှင့်နိုင်ငံတကာသို့ သတင်းစကားပြောကြား ခြင်း (Press Briefing) အစီအစဉ်” တွင် ၎င်းက အထက်ပါအတိုင်းထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
နိုဝင်ဘာလ ၅ ရက်နေ့ ကျင်းပသည့် အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် အမေရိကန်သမ္မတ ဟောင်း ဒေါ်နယ်ထရမ့် အနိုင်ရရှိမှု အပေါ် ဝမ်းမြောက်စွာ ဂုဏ်ပြုလိုကြောင်း၊ သမ္မတရွေးကောက်ပွဲကို ဒီမိုကရေစီနည်းကျ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့သည့်အတွက် အမေရိကန် နိုင်ငံသူနိုင်ငံသားများ၊ မဲဆန္ဒရှင်များ နှင့် အနိုင်ရရှိခဲ့သော သမ္မတလောင်း ဒေါ်နယ်ထရမ့်အပါအဝင် ရွေးကောက်ခံပြည်သူ့ ကိုယ်စားလှယ်များ အားလုံးကို ဝမ်းမြောက်စွာဂုဏ်ပြုလိုကြောင်း ပြောဆိုသည်။
မြန်မာနိုင်ငံတွင်လည်း မြန်မာပြည်သူများက ဒီမိုကရေစီနည်းလမ်းကျစွာဖြင့် ရွေးကောက်ပွဲတွင် ပြည်သူ့ဆန္ဒ ထုတ်ဖော်ပြသခဲ့သော်လည်း အကြမ်းဖက်စစ်တပ်က မတရားပယ်ဖျက်ရန် ကြိုးစားခဲ့၍ စစ်တပ်ကို အမြစ်ဖြတ်ရေး ပြည်သူများက တော်လှန် တိုက်ပွဲဝင်နေကြောင်း၊ နွေဦးတော်လှန်ရေး ဆင်နွှဲနေသော မြန်မာပြည်သူများကို အမေရိကန်သမ္မတသစ်နှင့် အမေရိကန်ပြည်သူများက ဆက်လက် ထောက်ခံအားပေးမည်ဟု မျှောလင့်ကြောင်း ၎င်းက ဆိုသည်။
“မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းကျထုတ်ဖော်ပြသခဲ့ပြီးဖြစ်တဲ့ ပြည်သူ့ဆန္ဒကို လက်နက်အားကိုးပြီး မတရားပယ်ဖျက်ဖို့ ကြိုးစားနေတဲ့ အကြမ်းဖက်စစ်တပ်အမြစ်ဖြတ်ဖို့ တော်လှန်တိုက်ပွဲဝင်နေကြသော မြန်မာပြည်သူလူထုရဲ့ နွေဦးတော်လှန်ရေးကို အမေရိကန်ပြည်သူလူထုနဲ့ အမေရိကန် အစိုးရတို့အနေနဲ့ ဆက်လက်ထောက်ခံအား ပေးသွားဖို့ မြန်မာပြည်သူတွေက ယုံကြည်မျှော်လင့်လျက်ရှိကြောင်းလည်း သတင်းစကားပါးချင်ပါတယ်” ဟု ဦးနေဘုန်းလတ်က ဆိုသည်။
အမေရိကန်သမ္မတအဖြစ် ရွေးကောက်ခံရသော ဒေါ်နယ်ထရမ့်က မြန်မာ့အရေးကို စိတ်ဝင်စားမှုမရှိဘဲ လျစ်လျူရှုထားမည်ကို ပြည်တွင်းပြည်ပ နိုင်ငံ ရေးအသိုင်းအ၀ိုင်းက စိုးရိမ်နေကြပြီး အထူးသဖြင့် မြန်မာ့နိုင်ငံရေး အကျပ် အတည်း နှင့် မြန်မာ ဒုက္ခသည်များအရေးမှာ မေ့ထားမည်ကို ရတက်မအေး ဖြစ်နေကြကြောင်း နိုင်ငံရေးသုံးသပ်သူများက ပြောဆိုကြသည်။
ဓာတ်ပုံ – ၂၀၁၇ ခုနှစ်၊ အာဆီယံ-အမေရိကန် ထိပ်သီးအစည်းအဝေးတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့်ဒေါ်အောင်ဆန်းစုကြည်တို့ကို မြင်တွေ့ရစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
Photo- AFP ။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar