ရန်ကုန်၊ နိုဝင်ဘာ ၁၃
စစ်ကိုင်းတိုင်း၊ ပြည်သူ့တော်လှန်ရေးစိုးမိုးနယ်မြေဖြစ်သော ကနီမြို့နယ်၊ တပုန်းကျေးရွာ တွင် ကနီမြို့နယ်ပညာရေးဘုတ်အဖွဲ့ တာဝန်ခံ ဆရာဦးဝင်းဌေး၊ ဇနီး ဒေါ်ခြိမ့်ခြိမ့်သဲနှင့် သမီး မရွှေဝတ်ရည်လွှာတို့ကို နိုဝင်ဘာလ ၄ ရက်နေ့တွင် လူမဆန်စွာ ရက်ရက်စက်စက် မတရားသတ် ဖြတ်သွားမှုအပေါ် အမြန်ဆုံးဖော်ထုတ် အရေးယူပေးရန် နှင့် အမှုမှန်ပေါ်ပေါက်ရေး သက်ဆိုင်ရာတာဝန်ရှိသူအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်း မြို့နယ်ပညာရေးဘုတ်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
စစ်ကိုင်းတိုင်း မြို့နယ်ပညာရေးဘုတ်အဖွဲ့ မှ အဖွဲ့ ၃၇ ခုကလည်း လူသတ်မှု အမှုမှန်ပေါ်ပေါက်ရေး တောင်းဆိုသည့် ပူးတွဲ ကြေညာချက်ထုတ်ပြန်လိုက်ပြီး တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ၊ ပြစ်မှုကျူးလွန်သူများကို ဝမ်းနည်းဒေါသထွက်ခြင်းနှင့် ကန့်ကွက်ရှုံ့ချကြောင်း၊ ပြစ်မှုကျူးလွန်သူ တရားခံများအားလုံးကို ဖော်ထုတ်ရန်၊ ဥပဒေနှင့်အညီ ထိရောက်သော အမိန့်ချအပြစ်ပေး အရေးယူနိုင်သည်အထိ အချိန်နှင့်အမျှ အာရုံစူးစိုက်စွာဖြင့် သက်ဆိုင်ရာတာဝန်ရှိသူအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု လေးနက်စွာကတိပြုကြောင်း ကြေညာထားသည်။
ဆရာ ဦးဝင်းဌေးသည် ကနီမြို့နယ်ပြည်သူ့ပညာရေးတွင် စွမ်းစွမ်းတမံ ရှေ့ဆောင်လမ်းပြ ရပ်တည် ဆောင်ရွက်ခဲ့သော CDM သူရဲကောင်းဆရာဖြစ်ပြီး ကျန်ရစ်သူမိသားစုဝင်များနှင့်ထပ်တူ အထူးဝမ်းနည်းကြေကွဲရကြောင်းနှင့် နွေဦးတော်လှန်ရေး အညာဒေသပညာရေးရပ်ဝန်းအတွက် ကြီးမားသော ဆုံးရှုံးမှုဖြစ်ကြောင်း အဖွဲ့များက ဆိုသည်။
“လေးလ အရွယ် ကလေးငယ်လေးအပါအဝင် ဆရာကြီးမိသားစုလိုက် NUG စိုးမိုးနယ်မြေမှာ ရက်ရက်စက်စက် သတ်ဖြတ်ခံလိုက်ရတဲ့ကိစ္စဟာ ကြားကာလ ကလေးပေါင်းများစွာ၏ ပညာရေးကို ဆောင်ရွက်ပေးနေကြတဲ့ ဆရာ ဆရာမ များအားလုံးကို ထိတ်လန့်တုန်လှုပ်မှုသာမက ယူကြုံးမရ ဖြစ်ကြရပါတယ်။ အထူးသဖြင့် NUG စိုးမိုးနယ်မြေမှာ ဖြစ်ပွားတဲ့အတွက် အထူးပင် တုန်လှုပ်ခဲ့ရပါတယ်။ ကြားကာလ ပညာရေးမှာ ပါဝင်နေကြတဲ့ သူများနှင့် CDM ဆရာ ဆရာမ များကိုယ်စား CDM ဆရာကြီး ဦးဝင်းဌေး မိသားစုအတွက် တရားမျှတမှု ရှိရေးနှင့် အမှုမှန် မြန်မြန်ဆန်ဆန် ပေါ်ပေါက်ဖို့ ပူးပေါင်းဆောင်ရွက်ပါ့မယ်” ဟု စစ်ကိုင်းတိုင်း မြို့နယ်ပညာရေးဘုတ်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
စစ်ကိုင်းဒေသ ပညာရေးရပ်ဝန်းတစ်ခုလုံးက လူသတ်မှုနှင့်ပတ်သက်၍ အမိန့်ပေးစေခိုင်းသူများဖြစ်စေ၊ ဒေါသထွက်ခြင်းနှင့်အတူ ပြင်းပြင်းထန်ထန် တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ၊ ပြစ်မှုကျူးလွန်သူများအား ဝမ်းနည်းဒေါသထွက်ခြင်းနှင့် ကန့်ကွက်ရှုံ့ချကြောင်း၊ အမှုမှန်မပေါ်ပေါက်မချင်း အခြေခံပညာရေးဘုတ်အဖွဲ့များ၏ ခံပြင်းဒေါသထွက်မှုသည် အချိန်ကြာမြင့်လေ ပိုမိုဆိုးရွားလာမည်ဖြစ်ကြောင်း ထုတ်ပြန်ပြောဆိုထားသည်။
ဆရာဝင်းဌေး ကွယ်လွန်သွားမှုအတွက် စစ်ကိုင်းတိုင်း မြို့နယ်ပညာရေးဘုတ်အဖွဲ့များ အနေဖြင့် ဝမ်းနည်းကြောင်းအထိမ်းအမှတ် အဖြစ် ကျောင်းများပိတ်ခြင်း၊ သက်ဆိုင်ရာတာဝန်ရှိ အဖွဲ့အစည်းများသို့ အိတ်ဖွင့်ပေးစာပေးခြင်း၊ ပြစ်မှုကို အရေးယူဆောင်ရွက်ခြင်းနှင့် ပတ် သက်၍ စောင့်ကြည့်ခြင်း၊ ဖြစ်စဉ်ဖြစ်ပွားသည့်နေ့ကို အောက်မေ့သတိရဖွယ် လှုပ်ရှားမှုများပြုလုပ်ခြင်း၊ နောက်နောင် အလားတူဖြစ်စဉ်မျိုး မဖြစ်ပွားစေရန် အထူးဆောင်ရွက်သင့်သည်များကို ပြင်ဆင်ဆောင်ရွက်ရေး အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်း မြို့နယ်ပညာရေးဘုတ်အဖွဲ့ကဆိုသည်။
လူသတ်မှု ဖြစ်စဉ်ကို အမြန်ဆုံး ဖော်ထုတ်ရေး တောင်းဆိုသော စစ်ကိုင်းတိုင်း မြို့နယ်ပညာရေးဘုတ်အဖွဲ့တွင် ကနီမြို့နယ်၊ ယင်းမာပင်မြို့နယ် ၊ ပုလဲမြို့နယ် ၊ ဆားလင်းကြီးမြို့နယ် ၊ မုံရွာမြို့နယ်၊ ချောင်းဦးမြို့နယ်၊အရာတော်မြို့နယ်၊ ဘုတလင်မြို့နယ်၊ စစ်ကိုင်းမြို့နယ် ၊မြင်းမူမြို့နယ်၊ မြောင်မြို့နယ်၊ ဝက်လက်မြို့နယ်၊ ရွှေဘိုမြို့နယ်၊ ခင်ဦးမြို့နယ်၊ ဒီပဲယင်းမြို့နယ်၊ ရေဦးမြို့နယ်၊ တန့်ဆည်မြို့နယ် ၊ကျွန်းလှမြို့နယ်၊ ကန့်ဘလူမြို့နယ်၊ ကောလင်းမြို့နယ် ၊ ပင်လည်ဘူးမြို့နယ်၊ ဝန်းသိုမြို့နယ်၊ ကသာမြို့နယ်၊ ထီးချိုင့်မြို့နယ်၊ အင်းတော်မြို့နယ်၊ ဗန်းမောက်မြို့နယ်၊ခန္တီးမြို့နယ် ၊ နန်းယွန်းမြို့နယ်၊ လေရှီးမြို့နယ်၊လဟယ်မြို့နယ်၊ ဟုမ္မလင်းမြို့နယ်၊ ဖောင်းပြင်မြို့နယ်၊ မော်လိုက်မြို့နယ်၊ ကလေးမြို့နယ်၊ကလေးဝမြို့နယ်၊မင်းကင်းမြို့နယ်၊ တမူးမြို့နယ်တို့ မှ ပညာရေးအဖွဲ့များ စုပေါင်း၍ ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ – ဆရာဝင်းဌေးနှင့်ဇနီး။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar