25 C
Yangon

ပြည်ပရောက် မြန်မာအလုပ်သမားများ မြန်မာပြည်ပြန်လာ၍ စစ်မှုပြန်ထမ်းရန် အေဂျင်စီများက တာ၀န်ယူခေါ်ဆောင်ပေးရမည်ဖြစ်ပြီး မခေါ်ဆောင်နိုင်လျှင် စစ်ကောင်စီက အေဂျင်စီများကို အမည်ပျက်စာရင်းသွင်းကာ လိုင်စင်ပိတ်သိမ်းအရေးယူမည်

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၄

ပြည်ပနိုင်ငံများသို့ သွားရောက် မြန်မာအလုပ်သမားများ ၃ နှစ်ပြည့်လျှင် မြန်မာပြည် ပြန် စစ်မှုထမ်းရန် အေဂျင်စီများက တာဝန်ယူ ခေါ်ဆောင်ပေးရမည်ဖြစ်ပြီး မခေါ်ဆောင်နိုင်လျှင် အေဂျင်စီကို စစ်ကောင်စီက အရေးယူမည်ဖြစ်ကြောင်း မြန်မာနိုင်ငံပြည်ပအလုပ်အကိုင်အေဂျင်စီအသင်းထံမှ သိရှိရသည်။

ပြည်ပရောက် မြန်မာအလုပ်သမားများအားလုံး ပြည်တွင်းသို့ ပြန်လာ စစ်မှုထမ်းရေးအတွက် ပြည်ပသို့ ပို့ဆောင်ပေးသော အေဂျင်စီများက တာဝန်ယူ ပြန်လည်ခေါ်ဆောင်ရမည်ဆိုသော စစ်ကောင်စီ၏ညွှန်ကြားစာကို မေလ ၁၄ ရက်နေ့ နေ့စွဲဖြင့် အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ခြင်းဖြစ်ပြီး ယခုရက်ပိုင်းအတွင်းတွင် အေဂျင်စီများအားလုံးထံသို့ တရားဝင် ပေးပို့ အကြောင်း ကြားလာကြောင်း သိရှိရသည်။

ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကြမည့် မြန်မာအလုပ်သမားများအားလုံး ပြည်ပသို့ မထွက်ခွာခင် အလုပ်အကိုင်အေဂျင်စီနှင့် စာချုပ်များ ချုပ်ဆိုရပြီး အဆိုပါ စာချုပ်တွင် ပြည်ပတွင် ရရှိသော လစာ၏ ၂၅ ရာခိုင်နှုန်းကို စစ်ကောင်စီလက်အောက်ခံဘဏ်များမှတစ်ဆင့် ပြည်တွင်းသို့ ပြန်လည် လွှဲပြောင်းရန်၊ အခွန်ဆောင်ရန်၊ ၃ နှစ်ပြည့်ပြီးပါက စစ်မှုထမ်းဆောင်ရန်အတွက် ပြန်လည် လာရောက်ရန် ဆိုသည့် အချက်များ ထည့်သွင်းလာရကြောင်း သိရှိရသည်။

အကယ်၍ ပြည်ပတွင် ရောက်ရှိနေသည့် မြန်မာအလုပ်သမားများက ၃ နှစ်ပြည့်သည်တိုင် စစ်မှုထမ်းရန် ပြန်မလာပါက ပြည်ပသို့ ပို့ဆောင်ပေးခဲ့သည့် အေဂျင်စီများက တာဝန်ယူရမည်ဖြစ်ပြီး ပထမဆင့်အနေဖြင့် ၃ နှစ်ပြည့်အလုပ်သမားများကို ပြည်တော်ပြန် စစ်မှုထမ်းရန် မခေါ် ဆောင်နိုင်ပါက ဒဏ်ကြေးဆောင်ခိုင်းခြင်း၊ အလုပ်ခေါ်စာ အသစ်တင်ပြခွင့် ဆိုင်းငံ့ခြင်းနှင့် အေဂျင်စီလိုင်စင်ပိတ်သိမ်းခြင်း၊ အမည်ပျက်စာရင်း ကြေညာခြင်း စသည့် အရေးယှုမှု အဆင့်ဆင့်ဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရသည်။

“ကိုယ်ပို့လိုက်တဲ့ အလုပ်သမားက လစာ ၂၅ ရာခိုင်နှုန်း ပြည်တွင်းကို ပြန်လွှဲဖို့၊ ၃ နှစ်ပြည့်ရင် စစ်မှု ပြန်ထမ်းဖို့ အေဂျင်စီက တာဝန်ယူရမယ်ဆိုတာက အတော်တော့ စိန်ခေါ်မှု ကြီးမားပါတယ်။ အလုပ်သမားအပေါ်မှာ အဓိကပဲ မူတည်ပါတယ်။ ဘယ်လိုလုပ်ပြီး သွားထိန်းချုပ်လို့ရမလဲ။ အေဂျင်စီတွေတော့ ဒုက္ခရောက်မယ့်အပြင် လိုင်စင် အပိတ်ခံရတာတွေ များလာနိုင်တယ်” ဟု ပြည်ပအလုပ်အကိုင်အေဂျင်စီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

လတ်တလော ပြည်ပနိုင်ငံများတွင် ရောက်ရှိနေသော မြန်မာလုပ်ခလစာ၏ ၂၅ ရာခိုင်နှုန်းကို ပြည် တွင်းသို့ ပြန်လွှဲရေးအတွက် မဆောင်ရွက်နိုင်သော၊ မိသားစုထံ လွှဲငွေစာရင်း မတင်ပြနိုင်သော ပြည်ပအလုပ်သမား ၅၅၆၆၃ ဦးတို့ကို ပို့ဆောင်သော ပြည်ပ အလုပ်အကိုင်အေဂျင်စီ ၂၉၂ ခုကို စစ်ကောင်စီ၏ အလုပ်သမားဝန်ကြီးဌာနက တရားဝင်သတိပေးထားပြီး အရေးယူဆောင်ရွက်ရန်ရှိနေကြောင်း သိရှိရသည်။

ဓာတ်ပုံ – ရန်ကုန်လေဆိပ်တွင် ပြည်ပထွက်ခွာကြတော့မည့် မြန်မာအလုပ်သမားများ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ရန်ကုန်လေဆိပ်တွင် ပြည်ပထွက်ခွာကြတော့မည့် မြန်မာအလုပ်သမားများ။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article