32 C
Yangon

ရွှေဘို၊ နှမစားရစ်ကျေးရွာမှ စစ်ဘေးရှောင် ပြည်သူ ၂ ဦးကို ဆိုင်ကယ် ရပ်မပေး၍ စစ်တပ်က ပစ်သတ်ပြီးနောက် လက်ပစ်ဗုံးတွေ့သည်ဟု သတင်းလိမ်လည်ထုတ်ပြန်၊ တောင်ပိုင်းတိုင်းတွင် ပြည်သူ ၂ ဦးကို စစ်တပ်က သတ်ဖြတ်ပြီး ၈၂ ဦးကို ဖမ်းဆီး

Must read

ရွှေဘို၊ နှမစားရစ်ကျေးရွာမှ စစ်ဘေးရှောင် ပြည်သူ ၂ ဦးကို ဆိုင်ကယ် ရပ်မပေး၍ စစ်တပ်က ပစ်သတ်ပြီးနောက် လက်ပစ်ဗုံးတွေ့သည်ဟု သတင်းလိမ်လည်ထုတ်ပြန်၊ တောင်ပိုင်းတိုင်းတွင် ပြည်သူ ၂ ဦးကို စစ်တပ်က သတ်ဖြတ်ပြီး ၈၂ ဦးကို ဖမ်းဆီး

ရန်ကုန်၊ နိုဝင်ဘာ ၁၇

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ တွင် စစ်တပ်က စစ်ဘေးရှောင် ပြည်သူ ၂ ဦးကို ဆိုင်ကယ်ရပ်မပေး၍ ပစ်သတ်လိုက်ပြီးနောက် လက်ပစ်ဗုံးတွေ့ရှိရသည်ဟုလည်းကောင်း၊ PDF များဖြစ်သည်ဟုလည်းကောင်း သတင်းလိမ်လည်ထုတ်ပြန်ကြောင်း ရွှေဘိုဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက် ၉ နာရီအချိန် ရွှေဘိုမြို့ ၊အမှတ် ၃ အခြေခံပညာကျောင်းရှေ့လမ်းတွင် စစ်တပ်က ဂိတ်ချထားပြီး စစ်ဘေးရှောင် ပြည်သူ ၂ ဦး စီးနင်းလာသော ဆိုင်ကယ်ကို တားဆီးကြောင်း၊ စစ်ဘေးရှောင် ပြည်သူ ၂ ဦးက ဆိုင်ကယ်ကို ရပ်မပေးဘဲ ဆက်လက် မောင်းနှင်သွားရာ စစ်တပ်က လိုက်လံပစ်ခတ်ခဲ့ကြောင်း ၊ ယင်းနောက် သီတဂူလမ်းပေါ်အရောက်တွင် စစ်တပ်က အမီ လိုက်ပါခဲ့ပြီး ဆိုင်ကယ်စီးသူ ၂ ဦးစလုံးကို ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း၊ ယင်းနောက် လက်ပစ်ဗုံး ၁ လုံးနှင့် လောက်လေးဂွများ တွေ့ရှိသည်ဟုဆိုကာ သတင်းလိမ်လည်ထုတ်ပြန်ခဲ့ကြောင်း သိရှိရသည်။

” ဆိုင်ကယ်ရပ်မပေးလို့ဆိုပြီး လိုက်ပစ်တာ။ ပစ်ခံရသူ ၂ ဦးလုံးက ရွှေဘိုမြို့နယ်၊ နှမစားရစ်ကျေးရွာကနေ စစ်ဘေးရှောင်ပြီး မြို့ပေါ်မှာ အိမ်ငှားနေသူတွေပါ။ ပစ်သတ်ပြီးတော့မှ သူတို့ဆီမှာ လောက်လေးဂွနဲ့ လက်ပစ်ဗုံးတွေ့တယ်ဆိုပြီး သတင်းလိမ်လည်ထုတ်တာ။ တကယ်တော့ သာမန်ပြည်သူတွေပါ။ စစ်ဘေးရှောင်နေကြတာ။ ပစ်ခတ်မှုကြောင့် လမ်းဘေးဝဲယာမှာသွားလာနေသူ အမျိုးသား ၂ ဦးနှင့်ကလေး ၁ ဦးလည်း ခြေထောက် ကျည်ထိမှန်ပါတယ်” ဟု ရွှေဘိုမြို့မှ ပြည်သူတစ်ဦးက ရှင်းပြသည်။

စစ်တပ်က ပြည်သူ ၂ ဦးကို ပစ်သတ်ပြီးနောက် အလောင်းများကို သက်ဆိုင်ရာ မိသားစုထံ ပြန်လည် ပေးအပ်ခြင်းမရှိဘဲ ၎င်းတို့ဘာသာ အလောင်းကို ဖျောက်ဖျက်သဂြိုလ်လိုက်ကြောင်း သိရှိရသည်။

ထို့ပြင် NUG ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ နယ်မြေတွင် နိုဝင်ဘာလအတွင်း အကြမ်းဖက် စစ်တပ်၏ တိုက်ခိုက်မှုကြောင့် ပြည်သူ ၂ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရကာ ပြည်သူ ၈၂ ဦး မတရား ဖမ်းဆီးခံရကြောင်း တောင်ပိုင်း စစ်ဒေသက ပြောဆိုသည်။

တောင်ပိုင်းစစ်ဒေသနယ်မြေတွင် နိုဝင်ဘာလ ပထမတစ်ပတ်တာအတွင်း အကြမ်းဖက် စစ်တပ်၏ တိုက်ခိုက်မှုကြောင့် ပြည်သူ ၂ ဦး သေဆုံးပြီး မုန်းမြို့တွင် စစ်တပ် ထောင်ထားသော မြေမြုပ်မိုင်း နင်းမိ၍ ပြည်သူ ၁ ဦးအပါအဝင် ၉ ဦး ထိခိုက်ဒဏ်ရရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်က ပြည်သူ ၈၂ ဦး ကို မတရား ဖမ်းဆီးမှုများ လုပ်ဆောင်ခဲ့ကြောင်း၊ လောင်းလုံးမြို့နယ်တွင်လည်း ပြည်သူ့နေအိမ်များကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက မွှေနှောက်ဖျက်ဆီးပြီး ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် နေအိမ်များ ပျက်စီးခဲ့ကြောင်း သိရှိရသည်။

အလားတူ နိုဝင်ဘာလ ၁၁ ရက်နေ့ကလည်း ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်အတွင်းရှိ ညောင်ပင်ဇင်းကျေးရွာကိုလည်း စစ်တပ်က ဝင်ရောက် စီးနင်းပြီး နေအိမ် ၃၀ ခန့်ကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- ရွှေဘိုတွင် စစ်တပ်က စစ်ဘေးရှောင်ပြည်သူ ၂ ဦးကို သတ်ဖြတ်ထားစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article