ရေးမြို့နယ်တွင် ခမရ ၃၄၃ မှ စစ်သား ၁ ဦး အရပ်ဝတ်ဖြင့် စုံစမ်းရေး လုပ်နေစဉ် ရေးဘီလူး အဖွဲ့က အရှင်ဖမ်းဆီး
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ခမရ ၃၄၃ မှ အကြမ်းဖက် စစ်သား ၁ ဦး အရပ်ဝတ်ဖြင့် စုံစမ်းရေး လုပ်နေစဉ် အရှင်ဖမ်းဆီးရရှိခဲ့ကြောင်း ရေးဘီလူး အဖွဲ့ ခေါင်းဆောင်က ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။
နိုဝင်ဘာ ၁၇ ရက်နေ့တွင် ရေးမြို့နယ်၊ အာယုတောင်လမ်းဝရှိ အကြမ်းဖက် စစ်တပ် ၏ ခမရ ၃၄၃ တပ်အနီး ရော်ဘာခြံတစ်ခြံတွင် အရပ်ဝတ်ဖြင့် စုံစမ်းရေးလုပ်နေသည့် အကြမ်းဖက်စစ်သား ၁ ဦး ရောက်ရှိနေသောကြောင်း သတင်းရရှိ၍ ရေးဘီလူးအဖွဲ့က သွားရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“သူက အဲဒီနယ်မြေမှာ သတင်းပေး လုပ်နေတာကြာပြီ သတင်းအပိုင်ရတော့ ကျွန်တော်တို့ သွားရောက်ဖမ်းဆီးတာပေါ့။ ဖမ်းတဲ့အချိန်မှာ ပြန်ခုခံတာမျိုးမရှိဘူး။ အပြင်မှာ ရော်ဘာခြစ်သမားယောင်ဆောင်တဲ့ ပုံစံမျိုးနဲ့ နေထိုင်ကြတယ်။ ဒီနယ်မြေထဲမှာဆို အမြဲတမ်းသတင်းတွေ လိုက်ယူတယ်။ သူတို့ နယ်မြေရှင်းလင်းရေးအဖွဲ့ဆိုပြီး ပျူစောထီးတွေကို သတင်းလိုက်ပေးတယ်။ နောက်ပြီးတော့ ၃၄၃ တပ်မတွေကို သတင်းတွေ လိုက်ပေးတာပေါ့” ဟု ရေးဘီးလူးအဖွဲ့ခေါင်းဆောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
ဖမ်းဆီးရမိသော အကြမ်းဖက် စစ်သားကို အပြစ်ပေး အရေးယူသွားမည်ဖြစ်ပြီး စစ်သား ဖြစ်သည့်အတွက် ပြစ်ဒဏ်မှာ ကြီးမားမည်ဖြစ်ကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ဆက်လက်ပြောဆိုသည်။