33 C
Yangon

မင်းလှနှင့် အုတ်ဖိုတွင် စစ်တပ်က နေ့စဉ် ပေါ်တာဆွဲဖမ်းဆီးနေပြီး ပြည်သူ ၃၀ ကျော် ဖမ်းဆီးခံရ၊ ထွက်ပြေးသော လူငယ်များကို သေနတ်ဖြင့် လိုက်လံပစ်ခတ်မှု ပြည်သူ ၁ ဦး ဒဏ်ရာရ

Must read

မင်းလှနှင့် အုတ်ဖိုတွင် စစ်တပ်က နေ့စဉ် ပေါ်တာဆွဲဖမ်းဆီးနေပြီး ပြည်သူ ၃၀ ကျော် ဖမ်းဆီးခံရ၊ ထွက်ပြေးသော လူငယ်များကို သေနတ်ဖြင့် လိုက်လံပစ်ခတ်မှု ပြည်သူ ၁ ဦး ဒဏ်ရာရ

ရန်ကုန်၊ နိုဝင်ဘာလ ၁၈

ပဲခူးတိုင်း၊ မင်းလှမြို့နယ်နှင့် အုတ်ဖိုမြို့နယ်တို့တွင် အကြမ်းဖက် စစ်တပ်က ၃ ရက်ဆက် ပေါ်တာဆွဲ ဖမ်းဆီးမှုကြောင့် ပြည်သူ ၃၀ ကျော် ဖမ်းဆီးခံရပြီး ထွက်ပြေး တိမ်းရှောင်သူများကို သေနတ်ဖြင့် လိုက်လံပစ်ခတ်သဖြင့် ပြည်သူ ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စစ်မှုထမ်းအပတ်စဉ် ၇ အတွက် တပ်သားသစ်စုဆောင်းရေးအဖြစ် နိုဝင်ဘာလ ၁၄ ရက်မှ ၁၆ ရက်နေ့ထိ မင်းလှမြို့နယ်နှင့် အုတ်ဖိုမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ဆက်တိုက် ပေါ်တာဆွဲ ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ပြည်သူ ၃၀ ကျော် ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

နိုဝင်ဘာလ ၁၄ရက်နေ့ မင်းလှမြို့နယ်၊ ကျွဲတဲကုန်းရွာမှ ပြည်သူ ၁ ဦးကို ရိပ်သာ အထွက်တွင် စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးခဲ့ပြီး မြို့နယ်ထွေအုပ်ရုံးကို ခေါ်ဆောင်လာစဉ် ထွက်ပြေးသွား၍ ကျွဲတဲကုန်းရွာကို ဝင်ရောက် စီးနင်းကာ ပြည်သူများကို ထပ်မံ ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။

နိုဝင်ဘာလ ၁၄ ရက်နေ့နှင့် ၁၅ ရက်နေ့တွင် အုတ်ဖိုမြို့နယ်၊ လွှဇင်ကျေးရွာကို ၂ ရက်ဆက်တိုက် ပေါ်တာဆွဲ ဝင်ရောက်ဖမ်းဆီးခဲ့ပြီး ပြည်သူအများအပြားဖမ်းဆီးခံခဲ့ရကြောင်း၊ ထို့ပြင် တိမ်ညွန့်ရွာကိုလည်း အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းခဲ့ပြီး ကိုကျော်နှင့် ၎င်း၏ သားဖြစ်သူတို့ ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း သိရသည်။

နိုဝင်ဘာလ ၁၆ ရက်နေ့ ညပိုင်းတွင် မင်းလှမြို့နယ်၊ ကျောက်တိုင်ရွာနှင့် အညာတန်းရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းပြီး ကျေးရွာနေ ပြည်သူ ဦးဇော်နိုင်ဦး၊ ဦးငကျော် ၊ ဦးထက်ဝေယံနှင့် ဦးဘိုရွှေတို့ကို နေအိမ်ထဲထိ ဝင်ရောက်၍ ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း သိရှိရသည်။

ထိုသို့ အကြမ်းဖက် စစ်တပ်က ကျေးရွာအတွင်း ဝင်ရောက် စီးနင်းပြီး ပေါ်တာဆွဲ ဖမ်းဆီးစဉ် ကျောက် တိုင်ရွာမှ ထွက်ပြေးသည့် ပြည်သူ ၁ ဦးကို လိုက်လံ ဖမ်းဆီးပြီး ၎င်းပိုင်ဆိုင်သော နေအိမ်တွင်းရှိ ပစ္စည်းများကို စစ်သားများက လုယက်ယူဆောင်သွားကြောင်း သိရသည်။

အလားတူ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် အုတ်ဖိုမြို့နယ်၊ ကြက်ချောင်းရွာကို စစ်တပ်က ဝင်ရောက် စီးနင်းပြီး ပြည်သူများကို ပေါ်တာဆွဲ ဖမ်းဆီးစဉ် ထွက်ပြေး တိမ်းရှောင်သည့် ပြည်သူများကို သေနတ်ဖြင့် လိုက်လံပစ်ခတ်ခဲ့သောကြောင့် ပြည်သူ ၁ ဦးကျည်ထိမှန်ပြီး ၄ ဦးကို ဖမ်းဆီးသွားကြောင်း သိရှိရသည်။

“မင်းလှနဲ့ အုတ်ဖိုဘက်မှာ အဖမ်းအဆီး အလွန်ကြမ်းနေပါတယ်။ မင်းလှမြို့နယ်ဘက်မှာ ပြည်သူ ၂၀ ထက်မနည်း ဖမ်းဆီးခံရတယ်။ အုတ်ဖိုမြို့နယ်ဘက်မှာတော့ ပြည်သူ ၁၀ ဦးကျော်မယ်။ စစ်မှုထမ်းထောက်ပံ့ကြေးပေးတာ နည်းတဲ့ရွာတွေကို ပေါ်တာဝင်ဆွဲနေတာ ခုဆိုတစ်လကို တစ်အိမ် ၂ သောင်း ပေးနေရတယ်။ မိန်းကလေးတွေပါ ပေါ်တာဆွဲမယ့်သတင်းတွေလည်း ထွက်နေလို့ တော်တော်သတိထားနေကြရတယ်။ စစ်ခွေးတွေက သူတို့ရွာပေါ်တာဝင်ဆွဲလို့ ထွက်ပြေးရင် လိုက်ပစ်တာတွေပါ လုပ်ဆောင်လာတော့ ပြည်သူတွေ တော်တော်ကြောက်လန့်နေတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက ယခုနှစ် မေလမှစတင်၍ စစ်မှုထမ်းဥပဒေဖြင့် လူငယ်များကို ဆင့်ခေါ်ကာ တပ်သားသစ်များအဖြစ် စစ်သင်တန်း ပေးနေခြင်းဖြစ်ပြီး သင်တန်းဆင်း တပ်သားသစ် လူငယ်များကို ရှေ့တန်းများတွင် စစ်တိုက်ခိုက်နေခြင်းဖြစ်သည်။

ဓာတ်ပုံ- စစ်မှုထမ်းရန် အတင်းအကျပ် စုဆောင်းခံရသော လူငယ်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article