ရန်ကုန်၊ ရေကျော်ပွဲစျေးတန်းကို စစ်ကောင်စီက ဗုံးခွဲပြီး တော်လှန်ရေးအပေါ် ပြည်သူများ အထင်အမြင်လွဲမှားစေရေး အပြစ်ပုံချမှု လုပ်လာနိုင်ဟု သတိပေး
ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်တွင် ကျင်းပနေသော ရေကျော်ဈေးပွဲတန်းကို စစ်ကောင်စီက ဗုံးခွဲပြီး တော်လှန်ရေးတပ်များအပေါ် ပြည်သူလူထု အထင်အမြင်လွဲမှားစေရေး အပြစ်ပုံချသည့် လုပ်ရပ်များ ကျူးလွန် လုပ်ဆောင်လာနိုင်ကြောင်း မြောက်ဥက္ကလာပမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ပကဖ မှ တာဝန်ရှိသူတစ်ဦးက သတိပေးပြောဆိုလိုက်သည်။
ရေကျော်ပွဲစျေးကို ရန်ကုန်တွင် ယမန်နေ့မှစတင်၍ ကျင်းပလျက်ရှိပြီး တော် လှန်ရေးအင်အားစုများ အနေဖြင့် ပြည်သူလူထု ထိခိုက်အောင်ပြုလုပ်မည်မဟုတ်ကြောင်း၊ သို့ရာတွင် စစ်ကောင်စီက တော်လှန်ရေးတပ်များနှင့် ပြည်သူများအကြား အထင်အမြင် လွဲမှားစေရန်အတွက် လုပ်ဆောင်လာနိုင်ကြောင်း၊ ဗုံးပေါက်ကွဲမှုတစ်စုံတစ်ရာဖြစ်ခဲ့ပါက စစ် ကောင်စီက ပြုလုပ်ခြင်းသာဖြစ်ပြီး တော်လှန်ရေးတပ်များက ထိုသို့ ပြုလုပ်မည်မဟုတ်ကြောင်း ၎င်းက ပြောဆိုသည်။
ယမန်နေ့ နိုဝင်ဘာလ ၂၂ ရက် ညပိုင်းကစ၍ ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်၊ ရေကျော်ဈေးပွဲတော် ကျင်းပပြုချိန် သိမ်ဖြူလမ်းထောင့်မှ ဗိုလ်ချုပ်အောင်ဆန်းလမ်းမအထိ အကြမ်းဖက်စစ် ကောင်စီ၏ အရပ်ဝတ်ထောက်လှမ်းရေးများ၊ ကင်းပုန်းများ အများအပြားရှိနေကြောင်း၊ တော်လှန် ရေးအင်အားစုများအနေဖြင့်လည်း ပြည်သူလူထုထိခိုက်နစ်နာစေမည့်လုပ်ဆောင်ချက်မျိုး မလုပ် ဆောင်ရန် NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ယခင်ကတည်းက ညွှန်ကြားချက် ထုတ်ပြန်ထားပြီးဖြစ်ကြောင်း သိရသည်။
“ရန်ကုန်မြို့မှာရှိတဲ့ မည်သည့်တော်လှန်ရေးအင်အားစုတွေကမှ ပြည်သူလူထု ထိခိုက်အောင် မလုပ် ပါဘူး။ ကျနော်တို့ NUG ၊ MOD အောက်ကနေသွားနေတဲ့ တော်လှန်ရေးအင်အားစုတွေကိုလည်း ပြည်သူလူထုများပြားတဲ့နေရာတွေ၊ ပြည်သူလူထုထိခိုက်နစ်နာစေမယ့် နေရာတွေမှာ မလုပ်ဖို့ အရင် ကတည်းက ညွှန်ကြားထားတာရှိပါတယ်။ ပြည်သူလူထုထိခိုက်မယ့် မည်သည့်အလုပ်မျိုးကိုမှ မလုပ် ပါဘူး။ လုပ်ရင်လည်း အကြမ်းဖက်စစ်တပ်ကသာလုပ်ပါလိမ့်မယ်။ ကျနော်တို့ ထုတ်ပြန်လိုက်တာက လည်း ပြည်သူလူထုအသွားအလာဆင်ခြင်ကြဖို့ ထုတ်ပြန်လိုက်တာပါ” ဟု မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ – ပကဖ မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
နှစ်စဉ်နှစ်တိုင်း ကျင်းပလေ့ရှိသော ရေကျော်ပွဲစျေးတန်းကို ၂၀၂၀ ခုနှစ် ကိုဗစ်ကာလမှ စတင်၍ ပိတ်သိမ်းခဲ့ရပြီး စစ်အာ ဏာသိမ်းကာလတွင်လည်း ပိတ်ပင်ထားခဲ့ရာမှ ယခု ၂၀၂၄ ခုနှစ်တွင် အကြမ်းဖက် စစ်ကောင်စီက ပြန်လည် ကျင်း ပပြုလုပ်ခြင်းဖြစ်ကြောင်း သိရှိရသည်။
ရေကျော်ပွဲစျေးကို စစ်ကောင်စီက နိုဝင်ဘာလ ၂၂ ရက်နေ့မှ နိုဝင်ဘာလ ၂၆ ရက်နေ့အထိ ၅ ရက်တာ ကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။