25 C
Yangon

ကမ္ဘာတွင် မြေမြှပ်မိုင်းနှင့် မပေါက်ကွဲသေးသော လက်နက်များကြောင့် သေဆုံးမှု အများဆုံးနိုင်ငံအဖြစ် မြန်မာနိုင်ငံက စံချိန်တင်၊ စစ်တပ်က မသန်စွမ်းသူများကိုပါ အရှိန်မြှင့်တိုက်ခိုက်နေ

Must read

ကမ္ဘာတွင် မြေမြှပ်မိုင်းနှင့် မပေါက်ကွဲသေးသော လက်နက်များကြောင့် သေဆုံးမှု အများဆုံးနိုင်ငံအဖြစ် မြန်မာနိုင်ငံက စံချိန်တင်၊ စစ်တပ်က မသန်စွမ်းသူများကိုပါ အရှိန်မြှင့်တိုက်ခိုက်နေ

ရန်ကုန်၊ နိုဝင်ဘာ ၂၃

ကမ္ဘာတွင် မြေမြှပ်မိုင်းနှင့် မပေါက်ကွဲသေးသော လက်နက်များကြောင့် သေဆုံးမှု အများဆုံးနိုင်ငံအဖြစ် မြန်မာနိုင်ငံက စံချိန်တင်သွားပြီး အကြမ်းဖက် စစ်တပ်က မသန်စွမ်းသူများကိုပါ အရှိန်မြှင့်တိုက်ခိုက်နေကြောင်း ကုလသမဂ္ဂ၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် မြေမြှုပ်မိုင်းနှင့် မပေါက်ကွဲသေးသော လက်နက်ကြောင့် အသေအပျောက်အများဆုံးနိုင်ငံဖြစ်လာပြီး ၂၀၂၃ ခုနှစ် တစ်နှစ်တည်းတွင် သေဆုံးသူ ၁၀၀၀ ကျော်ရှိကြောင်း၊ အဆိုပါသေဆုံးမှုနှုန်းသည် အခြားနိုင်ငံများအားလုံးထက် သာလွန်နေကြောင်း ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) နှင့် နိုင်ငံတကာ မြေမြှုပ်မိုင်း တားဆီးရေး လှုပ်ရှားမှုအဖွဲ့၏ အစီရင်ခံစာအရ သိရှိရသည်။

အဆိုပါ သေဆုံးမှု ကိန်းဂဏန်းများသည် အလွန်ကြီးမားသော အကျပ်အတည်း၏ အပေါ်ယံသာဖြစ်ပြီး မြန်မာစစ်အာဏာရှင်က မသန်စွမ်းသူများအပါအဝင် အရပ်သားများအပေါ် ပြင်းထန်စွာ တိုက်ခိုက်မှုများကို အရှိန်မြှင့်လုပ်ဆောင်နေကြောင်း လူ့အခွင့် အရေးလှုပ်ရှားသူများနှင့် ကျွမ်းကျင်သူများက သတိပေးသည်။

“ တနိုင်ငံလုံးအတိုင်းအတာနဲ့ ခုခံတော်လှန်စစ်ကို ဖြိုခွင်းဖို့ စစ်ကောင်စီက မြေမြှုပ်မိုင်းအသုံးပြုမှုကို နှစ်ဆ သုံးနေတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Tom Andrews နှင့် မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Heba Hagrass တို့က ပြောကြားသည်။

စစ်တပ်က အရပ်သားများကို စစ်ကြောင်းများရှေ့တွင် မိုင်းကွင်းများဖြတ်၍ သွားလာခိုင်းခြင်း၊ မိုင်းထိသူများကို ဆေးကုသမှုနှင့် ခြေတုလက်တုကဲ့သို့သော အသက်ကယ်ပစ္စည်းများ အသုံးပြုခွင့်မရန် စနစ်တကျ ပိတ်ပင်ခြင်းတို့မှာ ဆိုးရွားသောချိုးဖောက်မှုများဖြစ်ကြောင်း ၎င်းတို့က မီးမောင်းထိုးပြခဲ့သည်။

စစ်ကောင်စီ၏ ထိုသို့သော လုပ်ရပ်များက မသန်စွမ်းသူများ၏အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် အပိုဒ် ၁၁ နှင့် စစ်ပွဲအတွင်း မသန်စွမ်းသူများကို အကာအကွယ်ပေးရေးဆိုင်ရာ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၂၄၇၅ အပါအဝင် နိုင်ငံတကာဥပဒေများနှင့် လုံးဝဆန့်ကျင်ကြောင်း ၎င်းတို့က အလေးပေးပြောကြားခဲ့သည်။

မြန်မာနိုင်ငံမှ ကလေးများသည် မြေမြှုပ်မိုင်းနှင့် မပေါက်ကွဲသေးသော လက်နက်များ ၏ သက်ရောက်မှုဒဏ်ကို အများဆုံးခံနေရကြောင်း၊ ၂၀၂၃ ခုနှစ် အစောပိုင်းက ထုတ်ပြန် ခဲ့သော UNICEF ၏ အချက်အလက် အရ မြေမြှုပ်မိုင်းနှင့် မပေါက်ကွဲသေးသော လက်နက်များကြောင့် သေဆုံးရသည့် အရပ်သား ၁၀၅၂ ဦး၏ ၂၀ ရာခိုင်နှုန်း ကျော်မှာ ကလေးငယ် များ ဖြစ်ကြောင်း ၊ လက်ရှိ အခြေအနေမှာ ၂၀၂၂ ခုနှစ် ထက်ပို၍ သေဆုံးမှုနှုန်း မြင့်တက်လာပြီး ဖြစ်စဉ် ၃၉၀ ခုရှိကြောင်း၊ ကလေးများသည် မြေမြှုပ်မိုင်းနှင့် မပေါက်ကွဲသေးသော လက်နက်များ (UXO) တို့၏ အန္တရာယ်ကို ရင်ဆိုင်နေရကြောင်း၊ မြေမြုပ်မိုင်းများကို အိမ်များ၊ ကျောင်းများ၊ ကစားကွင်းများနှင့် လယ်ယာလုပ်ငန်းခွင်များတွင် ခွဲခြားခြင်းမရှိဘဲ မိုင်းထောင်ခြင်းက ကလေးငယ်များအတွက် အန္တရာယ်ဖြစ်စေ ကြောင်း ကျွမ်းကျင်သူများက ထောက်ပြထားသည်။

မြေမြှုပ်မိုင်းဒဏ်ခံရသူများအတွက် အကျိုးဆက်များမှာ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာရခြင်းထက် ပိုမိုများပြားကြောင်း၊ အသက်အန္တရာယ်နှင့် ရုန်းကန်နေချိန် စစ်ကောင်စီ၏ အနိုင်ကျင့် ဖမ်းဆီးခံရမည့် အရေး ကိုလည်း စိုးရိမ်ကြောင်း၊ စစ်ကောင်စီက မြေမြှုပ်မိုင်းထိသူများကို ဖမ်းဆီး အနိုင်ကျင့်မှုများမှာ ပြစ်မှုကျူးလွန်ခြင်းဖြစ်ကြောင်း၊ မြေမြုပ်မိုင်းကြောင့် ခြေလက်များ ဆုံးရှုံးခြင်းကို ပြစ်မှုကျူးလွန်မှု၏ သက်သေအဖြစ် စစ်ကောင်စီက အသုံးပြုနေကြောင်း ကျွမ်းကျင်သူများက ထောက်ပြကြသည်။

ကုလသမဂ္ဂနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများက စစ်ကောင်စီ၏ ပြည်သူများအပေါ် တိုက်ခိုက်နေသော လုပ်ရပ်များကို ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက အရေးယူရန်လည်း တိုက်တွန်းနှိုးဆော်သည်။

Photo- UNICEF ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article