29 C
Yangon

ကုလသမဂ္ဂအထွေထွေညီလာခံက ချမှတ်ရန်ရှိနေသည့် “မြန်မာနိုင်ငံရှိ ရိုဟင်ဂျာ မွတ်ဆလင်များနှင့် အခြားလူနည်းစုများ၏ လူ့အခွင့်အရေးအခြေအနေ” မူကြမ်းတွင် မြန်မာ့အရေး ဖြေရှင်းပေးနိုင်ရေး မှန်ကန်စွာ ထင်ဟပ် မှု မရှိဘဲ ပျက်ကွက်မှုများရှိနေ

Must read

ကုလသမဂ္ဂအထွေထွေညီလာခံက ချမှတ်ရန်ရှိနေသည့် “မြန်မာနိုင်ငံရှိ ရိုဟင်ဂျာ မွတ်ဆလင်များနှင့် အခြားလူနည်းစုများ၏ လူ့အခွင့်အရေးအခြေအနေ” မူကြမ်းတွင် မြန်မာ့အရေး ဖြေရှင်းပေးနိုင်ရေး မှန်ကန်စွာ ထင်ဟပ် မှု မရှိဘဲ ပျက်ကွက်မှုများရှိနေ

ရန်ကုန်၊ နိုဝင်ဘာ ၂၃

၇၉ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံက ချမှတ်ရန်ရှိနေသည့် “မြန်မာနိုင်ငံရှိ ရိုဟင်ဂျာ မွတ်ဆလင်များနှင့် အခြားလူနည်းစုများ၏ လူ့အခွင့်အရေးအခြေအနေ” မူကြမ်းတွင် မြန်မာ့အရေး ဖြေရှင်းပေးနိုင်ရေး မှန်ကန်စွာ ထင်ဟပ် မှု မရှိဘဲ ပျက်ကွက်မှုများရှိနေကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုသည်။

နိုဝင်ဘာလ ၂၀ ရက်နေ့ ၇၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၊ တတိယကော်မတီအစည်းအဝေးတွင် “မြန်မာနိုင်ငံရှိ ရိုဟင်ဂျာ မွတ်ဆလင်များနှင့် အခြားလူနည်းစုများ၏ လူ့အခွင့်အရေးအခြေအနေ” ဆုံးဖြတ်ချက် အဆိုမူကြမ်းအား အတည်ပြု ဆုံးဖြတ်ချက် မချမှတ်မီ ဆွေးနွေးစဉ် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

ယခုနှစ်အတွက် အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့နှင့် ဥရောပသမဂ္ဂတို့မှ ပူးတွဲ တင်သွင်း သည့် “မြန်မာနိုင်ငံရှိ ရိုဟင်ဂျာမွတ်ဆလင်များနှင့် အခြားလူနည်းစုများ၏ လူ့အခွင့်အရေး အခြေအနေ” ဆုံးဖြတ်ချက် အဆိုမူကြမ်းတွင် လက်ရှိ ဖြစ်ပေါ်နေသည့် အခြေအနေ၊ မြန်မာနိုင်ငံ အကျပ်အတည်းနှင့် ပြည်သူများ၏ စိုးရိမ်ကြောင့်ကြမှုများကို ထိရောက်စွာ ဖြေရှင်းပေးနိုင်ရေး အတွက် မှန်ကန်စွာ ထင်ဟပ် မှု မရှိဘဲ ယခင်အတိုင်းပင် ပျက်ကွက်ခဲ့ပါကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဆိုသည်။

လက်ရှိ မြန်မာနိုင်ငံအတွင်း မြေပြင်တွင် ဖြစ်ပေါ်နေသော ပကတိ အခြေအနေ မှာ မိမိတို့ မြင်တွေ့ရသည်ထက် မမျှာ်မှန်း နိုင်အောင် အလွန်ဆိုးရွားလျက်ရှိကြောင်း၊ စစ်အုပ်စုအနေဖြင့် နိုင်ငံတကာအသိုက်အဝန်း၏ တစ်ထောင့်တစ်နေရာမှ တိုက်ရိုက် ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ၊ ရရှိနေသော ပံ့ပိုးမှုများကြောင့် ထိုကဲ့သို့သော လူမဆန် သည့် ရာဇဝတ်မှုများ ကျူးလွန်ခွင့် ရရှိနေသည်မှာ ရှင်းလင်းမြင်သာကြောင်း၊ အထူးသဖြင့် စစ်အုပ်စုမှ ကျူးလွန်နေသည့် ရက်စက်ကြမ်းကြုတ်မှု များသည် မကြာသေးမီက အပြန်အလှန် သွားရောက်ခဲ့သည့် နိုင်ငံခြားခရီးစဉ်များအပြီးတွင် သိသိသာသာ မြင့်တက် လာခဲ့ကြောင်း သံအမတ်ကြီးက ပြောဆိုသည်။

ထို့ကြောင့် စစ်အုပ်စုထံသို့ လက်နက်ခဲယမ်းများ၊ စစ်ရေးကိစ္စရပ်များတွင်ပါ နှစ်မျိုး အသုံးပြုနိုင် သည့် ပစ္စည်းများ၊ တိုက်လေယာဉ်ဆီများနှင့် ငွေကြေးထောက်ပံ့မှုများ စီးဆင်းနေခြင်းကို ချက်ချင်း ရပ်တန့်ရန် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများနှင့် နိုင်ငံတကာအသိုက်အဝန်းအား လူသား ဆန်မှု ရှု့ထောင့်မှ တိုက်တွန်းကြောင်း၊ မြန်မာနိုင်ငံ၏ အကျပ်အတည်းအတွက် သင့်လျော်စွာ မဖော်ပြခြင်းနှင့် ဖြေရှင်းပေးခြင်း မရှိသည်ကို ကြည့်ခြင်း အားဖြင့် နိုင်ငံတကာအသိုက်အဝန်းနှင့် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ အနေဖြင့် မြန်မာနိုင်ငံရှိ အပြစ်မဲ့ အရပ်သားပြည်သူများ၏ အသက် အိုးအိမ်ကို မျက်ကွယ်ပြု နေသည်လော၊ ရာဇဝတ်မှုများ ကျူးလွန်နေသည့် စစ်အုပ်စု၏ ယုတ်ရင်းကြမ်းတမ်းသော ရည်ရွယ်ချက်များကိုသာ ထောက်ခံအားပေးနေလောဟူသည့် အထူးစိုးရိမ် ရသည့် အမေးများ ကိုသာ ဖြစ်ပေါ်လာစေကြောင်း ၎င်းက ဆိုသည်။

မြန်မာအရေးအား အရေးယူဆုံးဖြတ်ရာတွင်လည်း မြန်မာပြည်သူများ၏ ဆန္ဒ နှင့် အကျိုးစီးပွားတို့ကို အခြေခံ ၍သာ လုပ်ဆောင်ရမည်ကို ၎င်းက အလေးအနက်ထား တိုက်တွန်းသည်။

အဆိုမူကြမ်းမှာ အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့နှင့် ဥရောပသမဂ္ဂတို့၏ကိုယ်စား ဆော်ဒီအာရေဗျကိုယ်စားလှယ်က တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုမူကြမ်းကို ဆွေးနွေးသည့်လုပ်ငန်းစဉ်တစ်လျှောက်တွင် မိမိတို့ ကိုယ်စားလှယ်အဖွဲ့ က အပြု သဘောဆောင်စွာ ပါဝင်ဆွေးနွေးနိုင်ခွင့် နည်းပါးခဲ့ခြင်းက မိမိတို့အတွက် ခက်ခဲ စေကြောင်း၊ အဆိုမူကြမ်းမှာ မြန်မာနိုင်ငံ၊ မြန်မာပြည်သူများနှင့် တိုက်ရိုက်သက်ဆိုင်နေပြီး နိုင်ငံပိုင်၊ နိုင်ငံ ဦးဆောင်ခြင်းမူအရ အဆိုမူကြမ်းအား ညှိနှိုင်းဆွေးနွေးသည့် လုပ်ငန်းစဉ်တစ်လျှောက် တွင် မိမိတို့၏ ကိုယ်စားလှယ်အဖွဲ့နှင့် ကျယ်ကျယ်ပြန့်ပြန့် ညှိနှိုင်းဆွေးနွေးသင့်ကြောင်း၊ မည်သို့ဆိုစေ ဘင်္ဂလားဒေ့ရှ်၊ ဆော်ဒီအာရေဗျနှင့် ဥရောပသမဂ္ဂကိုယ်စားလှယ်အဖွဲ့တို့မှ အချို့သော အခြေအနေများတွင် မိမိတို့နှင့် ညှိနှိုင်းဆွေးနွေး၍ မိမိတို့ဘက်မှ အလေးထား သည့် အချို့သော အကြောင်းအရာများကို လက်ခံပေးသည့်အတွက် ကျေးဇူးတင်ကြောင်း သံအမတ်ကြီးက ပြောသည်။

အဆိုပါမူကြမ်းတွင် စစ်အုပ်စု ထံသို့ လက်နက်နှင့် တိုက်လေယာဉ်ဆီများ တင်ပို့ ရောင်းချခြင်းအား ရပ်တန့်ရေးနှင့်သက်ဆိုင်သည့် စာသားများ အပါအဝင် အခြားသော အရေးကြီး သည့် စာသားများအား ခိုင်ခိုင်မာမာ ထည့်သွင်းနိုင်ခြင်း မရှိသည့်အပေါ် အလွန်အမင်း စိတ်ပျက် ရကြောင်း၊ အထူးသဖြင့် ယင်းသို့သော စာသားများမှာ အသစ်မဟုတ်ကြောင်း၊ လူ့အခွင့်အရေး ကောင်စီ၏ မဲမခွဲဘဲ အတည်ပြုထားသည့် ဆုံးဖြတ်ချက်အဆို ၅၅/၂၀ တွင် ယင်းစာသားများ ပါဝင် ထားပြီး ဖြစ်ကြောင်း၊ ယခုအခါ အဆိုပါစာသားများကို အဆိုမူကြမ်း၌ ထည့်သွင်းနိုင်ခြင်း မရှိသည့်အတွက် အလွန့် အလွန် စိတ်ပျက်ရခြင်းမှတပါး အခြားမရှိတော့ကြောင်း၊ တစ်ဖက်တွင်လည်း ယင်းအခြေအနေက ကုလသမဂ္ဂစနစ်အတွင်း၌ ဟန်ချက်ညီမှု လစ်ဟင်းနေခြင်းကို တွေ့မြင်နိုင်ကြောင်း သံအမတ်ကြီးက ပြောဆိုသွားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article