34 C
Yangon

ရန်ကုန်တွင် ပျူစောထီးမောင်းနှင်သော တက္ကစီ ငှားစီးမိသည့် ပန်းတနော်မှ ခရီးသွား လူငယ် ၃ ဦး စစ်သားအဖြစ် ပေါ်တာဆွဲဖမ်းဆီးခံရ

Must read

ရန်ကုန်တွင် ပျူစောထီးမောင်းနှင်သော တက္ကစီ ငှားစီးမိသည့် ပန်းတနော်မှ ခရီးသွား လူငယ် ၃ ဦး စစ်သားအဖြစ် ပေါ်တာဆွဲဖမ်းဆီးခံရ

ရန်ကုန်၊ နိုဝင်ဘာ ၂၄

ရန်ကုန်မြို့တွင် ပျူစောထီးမောင်းနှင်သော တက္ကစီ ငှားစီးမိသည့် ပန်းတနော်မြို့နယ်မှ ခရီးသွား လူငယ် ၃ ဦးကို စစ်သားအဖြစ် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးစုဆောင်းသွားကြောင်း ဖမ်းဆီးခံရသည့်လူငယ်များ၏ မိဘများနှင့်ရင်းနှီးသော မိတ်ဆွေများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယခု နိုဝင်ဘာလ ဒုတိယအပတ်တွင် ဧရာဝတီတိုင်း ပန်းတနော်မြို့နယ် မရမ်းအုပ်စု ဗောဓိကုန်းကျေးရွာမှ လူငယ် ၃ ဦးသည် ရန်ကုန်မြို့သို့ သွားရောက်ခဲ့ကြကြောင်း၊ ယင်းနောက် ရန်ကုန်မြို့တွင် ကားငှားစီးခဲ့ရာတွင် ပျူစောထီးယာဉ် မောင်း၏ တက္ကစီကို ငှားရမ်းမိခဲ့ပြီး ယာဉ်မောင်းက ခရီးသွား လူငယ် ၃ ဦးကို လိုရာခရီးမပို့ဘဲ အကြမ်းဖက်စစ်တပ်၏ စစ်သားစုဆောင်းရေးတပ်အတွင်းသို့ ပို့ဆောင်ခဲ့ကြောင်း၊ လူငယ် ၃ ဦး၏မိသားစုဝင်များက ၎င်းတို့သား ၃ ဦး ပေါ်တာဆွဲ ဖမ်းဆီးခံရကြောင်း စုံစမ်းသိရှိရ၍ စစ်တပ်အတွင်းမှ ပြန်လည် ထုတ်ရန် ကြိုးပမ်းသော်လည်း မအောင်မြင်ကြောင်း ဖမ်းဆီးခံရသည့်လူငယ်များ ၏မိဘများနှင့်ရင်းနှီးသော မိတ်ဆွေများက ရှင်းပြသည်။

ခရီးသွား လူငယ် ၃ ဦးကို ပျူစောထီး တက္ကစီယာဉ်မောင်းက စစ်သားစုဆောင်းရေးတပ်ထံသို့ ရောင်းစားခဲ့ခြင်းဖြစ်ပြီး ယခုအခါ ပန်းတနော်မှ လူငယ် ၃ ဦးသည် တောင်တွင်းကြီးမြို့ရှိ စစ်တပ်သင်တန်းကျောင်းသို့ ပို့ဆောင်ခံလိုက်ရပြီဖြစ်ကြောင်း၊ မိဘများက နည်းလမ်းမျိုးစုံဖြင့် လိုက်လံ ထုတ်ယူရန် ကြိုးစားသော်လည် ထုတ်ယူ၍ မရကြောင်း သိရှိရသည်။

“အဲဒါ Taxi သမားက စစ်တပ်ကို ရောင်းစားပစ်လိုက်တာပေါ့ ။ တောင်တွင်းကြီးကို ရောက်သွားတယ်။ မိဘတွေ သိတော့ သွားလိုက်တဲ့အခါကျတော့ တချို့ပြောတယ် သိန်း ၇၀ ၊ သိန်း ၅၀နဲ့ ပြန်ရွေးရမယ်ပေါ့။ တကယ်တမ်းတော့ ဘာနဲ့မှ ရွေးမရဘူး။ အဲဒီကောင်တွေ ဖမ်းသွားတဲ့အချိန်မှာ အဲဒီလူငယ်တွေရဲ့ မှတ် ပုံတင်တွေ ဘာတွေက အစ အကုန်လုံးပြောင်းပြီးတော့ လုပ်လိုက်တယ်။ စစ် တပ်ထဲ ထည့်ပစ်လိုက်တယ်။ သိတော့ လိုက်တာ လိုက်လို့ မရဘူး။ ထုတ်လို့ မရဘူး” ဟု ဖမ်းဆီးခံရသည့်လူငယ်များ၏မိဘများနှင့်ရင်းနှီးသော မိတ်ဆွေများက ရှင်းပြသည်။

အဆိုပါလူငယ် ၃ ဦးကို အကြမ်းဖက်စစ်တပ်ထံသို့ ပို့ဆောင်ခဲ့သော ယာဉ် မောင်းသည် ပျူစောထီးအဖွဲ့ဝင်ဖြစ်ပြီး လူငယ် ၃ ဦးတွင် တစ်ဦးမှာ ဆေးအောင်၍ ရေတပ်တွင် အမှုထမ်းရမည်ဖြစ်ကြောင်း၊ ကျန်လူငယ် ၂ ဦးမှာမူ မည်သည့် တပ်ရင်းသို့ ပို့ဆောင်မည်ကို မသိရှိရသေးပေ။

စစ်သားအဖြစ် ပေါ်တာဆွဲဖမ်းဆီးခံရသည့် လူငယ် ၃ ဦးလုံးသည် ဆယ်ကျော် သက်အရွယ် လူငယ်များဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်တပ်ထဲသို့ အတင်းအကျပ် ပေါ်တာဆွဲ ဖမ်းဆီးခံလိုက်ရသည့် ပန်းတနော်မြို့နယ်မှ လူငယ် ၃ ဦး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article