ချောင်းဦးနှင့် မုံရွာမြို့နယ်တွင် PDF များ အလင်းဝင်ကြရန် စစ်ကောင်စီက ဆိုင်းဘုတ်နှင့်စာများ လိုက်လံကပ်နေ
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် PDF များ အလင်းဝင်ကြရန် စစ်ကောင်စီက ဆိုင်းဘုတ်နှင့်စာများ လိုက်လံကပ်နေကြောင်း ချောင်းဦးမြို့နယ်မှ ဆရာတော်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ မိန့်ကြားသည်။
ယမန်နေ့ နိုဝင်ဘာလ ၂၄ ရက်နေ့မှစတင်ပြီး ချောင်းဦးမြို့နယ်၊ ခင်မွန်ကျေးရွာနှင့် မုံရွာမြို့နယ်၊ မုံရွေးကျေးရွာတို့တွင် အဆိုပါ ဖိတ်ခေါ်စာများကို စစ်ကောင်စီတပ်များနှင့်ပျူစောထီးများက လိုက်လံ ကပ်နေခြင်းဖြစ်ကြောင်း၊ ဖိတ်ခေါ်စာတွင် PDF အဖွဲ့ဝင်များ အလင်းဝင်လိုပါက ချောင်းဦးမြို့နယ်၊ ခင်မွန်ရှိ မြပုလဲ စစ်ကောင်စီတပ်စခန်းသို့ ဆက်သွယ်ပေးပါရန်၊ လှိုက်လှဲစွာ ကြိုဆိုမည်ဖြစ်ကြောင်း ကြေညာထားခြင်းဖြစ်သည်။
“မနေ့မနက် မုံရွာမြို့နယ်၊ မုံရွေးကျေးရွာမှာ အဲဒီစာကို ကပ်တယ်။ နေ့လယ်ပိုင်းမှာ ချောင်းဦးမြို့နယ်၊ ခင်မွန်ကျေးရွာမှာ ကပ်တယ်။ ကပ်တာတွေကလည်း သူတို့အထိုင်ချထားတဲ့စခန်းတွေနဲ့ မနီးမဝေးတွေမှာ ကပ်တာပါ။ အလင်းဝင်ဖို့ ဆက်သွယ်ခိုင်းတဲ့ ခင်မွန်ကျေးရွာ မြပုလဲစခန်းဆိုတာက သူတို့ စစ်တပ်နဲ့ပျူတွေ အထိုင်ချထားတဲ့စခန်းပါ။ မြပုလဲစခန်းက ခင်မွန်ရွာ၊ မုံရွာ-မန္တလေး လမ်းပေါ်မှာ ရှိနေတာပါ” ဟု ချောင်းဦးမြို့နယ်မှ ဆရာတော်က မိန့်ကြားသည်။
တော်လှန်ရေး ၄ နှစ်တာကာလအတွင်းရောက်မှ စစ်ကောင် စီက ယင်းကဲ့သို့ ဖိတ်ခေါ်စာများ လိုက်လံကပ်နေခြင်းမှာ နယ်မြေစိုးမိုးမှု အလွန်အားနည်းလာခြင်းနှင့် PDF ရဲဘော်များအကြား ညီညွတ်မှုကို ဖြိုခွဲလိုခြင်းကြောင့်ဖြစ်ကြောင်း မုံရွာအခြေစိုက် တော်လှန်ရေးတပ်အဖွဲ့တစ်ခု၏ ခေါင်းဆောင်တစ်ဦးက သုံးသပ်ပြောဆိုသည်။
” တော်လှန်ရေး ၄ နှစ်တာကာလအတွင်းရောက်လာပြီးတော့ ပြည်သူလူထုရဲ့ စစ်ခွေးတွေအပေါ် မုန်းတဲ့စိတ်က အရင်ထက်ပိုပြီး မြင့်မားလာတယ်။ အဲဒါကြောင့် သူတို့လည်း ဘယ်လိုမှ နယ်မြေစိုးမိုးမှု မလုပ်နိုင်တော့တာကို သူတို့သိလာတယ်။ အဲဒါက တစ်ချက်။ နောက်တစ်ခုက အဲဒီလို စာကပ်ခြင်းအားဖြင့် PDF တွေထဲမှာ အနေဆင်းရဲ၊ အစားဆင်းရဲလို့ အလင်းဝင်မယ့်သူတွေရှိလာနိုင်တယ်။ PDF တပ်ဖွဲ့တွေအကြားမှာ စည်းလုံးညီညွတ်မှု ဖြိုခွဲဖို့ ရည်ရွယ်ချက်လည်းရှိပုံရတယ်။ အဲဒါက ဒုတိယအချက်ပါ” ဟု မုံရွာအခြေစိုက် တော်လှန်ရေးတပ်အဖွဲ့တစ်ခု၏ ခေါင်းဆောင်က ဆိုသည်။
စစ်ကိုင်းတိုင်းသည် တော်လှန်ရေးတပ်ဖွဲ့များ အလွန်အားကောင်းသော ဒေသဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ မြို့ပေါ် ကွက်ကွက်ဧရိယာမှလွဲ၍ မည်သည့်နေရာကိုမှ လွှမ်းမိုးနိုင်ခြင်းမရှိတော့ကြောင်း သိရှိရသည်။