27 C
Yangon

ရမည်းသင်းနှင့်တောင်ကြီးမြို့နယ်တို့တွင် လူငယ်များကို စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးမှုများ ဖြစ်ပွားနေပြီး လူငယ် ၂၀၀ နီးပါး ဖမ်းဆီးခံရ

Must read

ရမည်းသင်းနှင့်တောင်ကြီးမြို့နယ်တို့တွင် လူငယ်များကို စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးမှုများ ဖြစ်ပွားနေပြီး လူငယ် ၂၀၀ နီးပါး ဖမ်းဆီးခံရ

ရန်ကုန်၊ နိုဝင်ဘာ ၂၅

မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်နှင့် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်တို့တွင် လူငယ်များကို စစ်မှုထမ်းရန်အတွက် ပေါ်တာဆွဲဖမ်းဆီးမှုများ ဖြစ်ပွားနေပြီး လူငယ် ၂၀၀ နီးပါး ဖမ်းဆီးခံလိုက်ရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ယခုနိုဝင်ဘာလ ပထမအပတ်မှစတင်၍ နိုဝင်ဘာလ တတိယအပတ်အထိ ရမည်းသင်းမြို့နယ် ကမ္မကျေးရွာအုပ်စုနှင့် ပေါက်အိုင်ကျေးရွာစုတို့တွင် စစ်တပ်နှင့်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ၏ မဲနှိုက်ခိုင်းမှု၊ လမ်းပေါ်တွင် ပေါ်တာဆွဲ ဖမ်းဆီးမှုများကြောင့် လူငယ် ၅၀ နီးပါး ဖမ်းဆီးခံရပြီး စစ်မှုထမ်းရန် ခေါ်ဆောင်ခံရကြောင်း သိရှိရသည်။

“ဖြစ်နေတာကတော့ ရမည်းသင်းတစ်မြို့နယ်လုံးပဲ။ စစ်မှုထမ်းဖို့ မဲနှိုက်ခိုင်းတာ၊ လမ်းမှာ ပေါ်တာဆွဲအဖမ်းခံရတာ။ ပြီးတော့ စစ်မှုထမ်းဥပဒေအကြောင်းပြပြီးတော့ တစ်အိမ်ကို ငွေကျပ် ၂ သောင်းကောက်တာတွေ အကုန်ပါပဲ။ ရမည်းသင်းတစ်မြို့နယ်လုံးမှာဆိုရင်တော့ လမ်းမှာ ပေါ်တာဆွဲ အဖမ်းခံရတာ လူ ၅၀ နီးပါးရှိတယ်။ မဲနှိုက်ခိုင်းတာနဲ့ ကျေးရွာထဲမှာ အတင်းအကျပ် လာခေါ်တဲ့ အရေအတွက်ပါဆိုရင် လူငယ်ရာဂဏန်းအထက်ပဲ ။ လူငယ်တွေ စစ်ထဲ အခေါ်ခံရတာ” ဟု ရမည်းသင်းမြို့နယ်မှ ပရဟိတကူညီအရေးအဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အလားတူ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်က အဓမ္မစစ်မှုထမ်းခိုင်း ရန် ပေါ်တာဆွဲဖမ်းဆီးနေပြီး လူငယ် ၁၅၀ နီးပါး ဖမ်းဆီးခံထားရကြောင်း ဒေသနေပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

နေ့စဉ် ည ၇ နာရီနောက်ပိုင်းမှစ၍ တောင်ကြီးမြို့ပေါ်တွင် စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးနေခြင်းဖြစ်ပြီး တောင်ကြီးမြို့၊ စဝ်စံထွန်းရပ်ကွက်၊ ညောင်ဖြူစခမ်း ရပ်ကွက်၊ ရတနာသီရိရပ် ကွက်၊ ချမ်းမြ ရပ်ကွက် ၊ ရွှေတောင်ရပ်ကွက်၊ စိန်ပန်းရပ်ကွက် ၊ ကံသာရပ်ကွက် ၊ ကျောင်းကြီးစုရပ်ကွက်၊ မင်္ဂလာဦး ရပ်ကွက် နှင့် ဘုရားဖြူရပ်ကွက်များမှ လူငယ် ၁၅၆ ဦး ဖမ်းဆီးခံရကြောင်း ၊ ဖမ်းဆီးခံရသူများတွင် ဆေးသမားများ၊ သာမန် အလုပ်သွားအလုပ်ပြန် လူငယ်များ၊ ဝန်ထမ်းများ၏ သားများ၊ငွေကြေးချမ်းသာသူများ၏ သားများ ပါဝင်ကြောင်း ဒေသသတင်းရင်းမြစ်များနှင့် ဒေသပြည်သူများထံမှ သိရှိရသည်။

လက်ရှိ စစ်မှုထမ်းသင်တန်း အပတ်စဉ် ၇ အတွက် တောင်ကြီးမြို့မှ လူဦးရေ ၂၀၀ ပေးရန် အကြမ်းဖက်စစ် ကောင်စီက‌ တောင်းခံထားပြီး ပေါ်တာဆွဲခံရသူများကို စစ်သင်တန်းပေးရန် ကျိုင်းတုံသင်တန်းကျောင်းသို့ ပို့ဆောင်မည် ဖြစ်ကြောင်း၊ သင်တန်းဆင်းပြီးနောက် မိုင်းရယ်မှ တဆင့် လားရှိုးစစ်မြေပြင်သို့ ပို့ဆောင်မည်ဖြစ် ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ၂၀၂၁ ခုနှစ် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲများကို စစ်ကောင်စီက ဖြိုခွဲပြီး လူငယ်များကို ဖမ်းဆီးထားစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article