27 C
Yangon

အုတ်ဖိုမြို့နယ်၊ ခမရ ၆ တပ်ရင်းမှ ကင်းလှည့်ရန် ဆိုင်ကယ် ၄ စီးဖြင့် ထွက်လာသော စစ်သား ၈ ဦးကို ပစ်ခတ်တိုက်ခိုက်မှု ဗိုလ်ကြီး သိန်းဝင်း နှင့် တပ်ကြပ် တင်အောင်တို့ ပွဲချင်းပြီး သေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိ

Must read

အုတ်ဖိုမြို့နယ်၊ ခမရ ၆ တပ်ရင်းမှ ကင်းလှည့်ရန် ဆိုင်ကယ် ၄ စီးဖြင့် ထွက်လာသော စစ်သား ၈ ဦးကို ပစ်ခတ်တိုက်ခိုက်မှု ဗိုလ်ကြီး သိန်းဝင်း နှင့် တပ်ကြပ် တင်အောင်တို့ ပွဲချင်းပြီး သေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိ

ရန်ကုန်၊ ဒီဇင်ဘာ ၄

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ခမရ ၆ တပ်ရင်းမှ ကင်းလှည့်ရန် ဆိုင်ကယ် ၄ စီးဖြင့် ထွက်လာသော စစ်သား ၈ ဦးကို ပစ်ခတ်တိုက်ခိုက်ရာ ဗိုလ်ကြီး သိန်းဝင်း နှင့် တပ်ကြပ် တင်အောင်တို့ ပွဲချင်းပြီး သေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယားက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၄ ရက်နေ့ နံနက် ၉ နာရီ ၂၀ မိနစ်ခန့်တွင် အုတ်ဖိုမြို့နယ်၊ တိမ်မြုပ်ရွာ အခြေစိုက် ခမရ ၆ တပ်ရင်းမှ ကင်းလှည့်ရန် ဆိုင်ကယ် ၄ စီးဖြင့် ထွက်လာသော စစ်သား ၈ ဦးကို တပ်တွင်းဖရဲသီး၏ သတင်းပေးချက်အရ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို မှ ရဲဘော်များက တပ်ရင်းနှင့် ကိုက် ၂၀၀ အကွာမှ စောင့်ကြို ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှုအတွင်း အပြန်အလှန် ပစ်ခတ်မှု ၈ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ဗိုလ်ကြီး သိန်းဝင်း နှင့် တပ်ကြပ် တင်အောင် တို့ နေရာတွင် ပွဲချင်းပြီး သေဆုံးကာ ကျန်ရှိနေသော စစ်သားများသည် ဆိုင်ကယ်များဖြင့် ခမရ ၆ တပ် အတွင်းကို တပ်ပျက်၍ ဆုတ်ခွာထွက်ပြေးသွားကြောင်း သိရှိရသည်။

သေဆုံးသွားသော အကြမ်းဖက် စစ်သား ၂ ဦးထံမှ MA-3 သေနတ် ၁လက်၊ ကျည်ဘောက် ၂ ခု ၊ ၅.၅၆ ကျည် ၄၉ တောင့်၊ လက်ပစ်ဗုံး ၃ လုံး၊ မိုလ်ဘိုင်းဖုန်း ၂ လုံး၊ ကျောပိုးအိတ် ၁ လုံး၊ မှတ်ပုံတင် ၁ ခု၊ ငွေသား ၄၀၀၀၀ ကျပ် နှင့် ခမရ ၆ တပ်၏ လျှို့ဝှက်စာရွက်စာတမ်းများကို သိမ်းဆည်းနိုင်ခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“ဖရဲသီးရဲ့ သတင်းပေးမှု​အရ တပ်ထဲက ထွက်လာတဲ့ ဆိုင်ကယ်တွေကို ခမရ ၆ တိမ်မြုပ်တပ်ရှေ့ ကိုက် ၂၀၀ အကွာကနေ စောင့်ပြီး ပစ်ခတ်ခဲ့တာပါ။ စစ်ခွေးတွေက ဆိုင်ကယ် ၄ စီး အင်အား ၈ ကောင်နဲ့ ကင်းလှည့်ဖို့ ထွက်လာတယ်လို့ သတင်းပေးလို့ သေချာပြင်ဆင်ပြီး လုပ်ဆောင်ခဲ့တာပါ။ ကျွန်တော်တို့ပစ်ခတ် တိုက်ခိုက်တဲ့ အချိန် နောက်ကဆိုင်ကယ်နဲ့ စစ်ခွေးတွေ တပ်ထဲအကုန်ထွက်ပြေးတာ ဗိုလ်ကြီး သိန်းဝင်းနဲ့ တပ်ကြပ် တင်အောင်တို့ နှစ်ယောက်ပဲ ပစ်ခတ်မှုအတွင်း သေသွားတယ်။ အခုမစ်ရှင် အောင်မြင်အောင် သတင်းပေးခဲ့တဲ့ ဖရဲသီးကိုလည်း လေးစားကြောင်း ပြောချင်ပါတယ်။ အရင်ကလည်း သူ့ရဲ့သတင်းပေးမှုကြောင့် စစ်ခွေး ဗိုလ် ၁ ကောင်ကို ရှင်းလင်းပြီး သေနတ် ၁ လက်လည်း ရခဲ့ဖူးပါတယ်” ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယားက ပြောဆိုသည်။

အဆိုပါ စစ်ဆင်ရေး လုပ်ဆောင်နိုင်ရန် သတင်းပေးပို့ခဲ့သည့် တပ်တွင်းဖရဲသီးကို လေးစားစွာ မှတ်တမ်းတင်အပ်ပြီး ဆက်လက်၍လည်း ပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့များကို ဒုက္ခပေးနေသော စစ်ကောင်စီ တပ်သားများနှင့် စစ်တပ် ဒေါက်တိုင်များကို ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဖြစ်၍ ပြည်သူများအနေဖြင့် ၎င်းတို့ ရှိနေသော အနီးအနားကို သွားလာနေထိုင်ခြင်း မပြုလုပ်ကြရန် ကြိုတင် အသိပေးလိုကြောင်း ရဲဘော်ဒူးယားက ဆက်လက် ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article