32 C
Yangon

ထိုင်းနိုင်ငံတွင် အလုပ်သမားနေထိုင်ခွင့် သက်တမ်းတိုးရေး တစ်ဦးလျှင် ထိုင်းဘတ် ၁၁၅၀၀ ကောက်ခံနေမှု မြန်မာအလုပ်သမား ၁၀၀၀ ကျော် ဆန္ဒပြ

Must read

ထိုင်းနိုင်ငံတွင် အလုပ်သမားနေထိုင်ခွင့် သက်တမ်းတိုးရေး တစ်ဦးလျှင် ထိုင်းဘတ် ၁၁၅၀၀ ကောက်ခံနေမှု မြန်မာအလုပ်သမား ၁၀၀၀ ကျော် ဆန္ဒပြ

ရန်ကုန်၊ ဒီဇင်ဘာ ၁၆

ထိုင်းနိုင်ငံတွင် အလုပ်သမား နေထိုင်အလုပ်လုပ်ခွင့် သက်တမ်းတိုးရေးအတွက် တစ်ဦးလျှင် ထိုင်းဘတ် ၁၁၅၀၀ ကောက်ခံနေမှုအပေါ် မြန်မာအလုပ်သမား ၁၀၀၀ ကျော် ဆန္ဒပြတောင်းဆိုနေကြကြောင်း သိရှိရသည်။

ထိုင်းနိုင်ငံ ဖိချဘွန်မြို့နယ်ရှိ ကြက်သားစက်ရုံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမား ၁၀၀၀ ကျော်က ထိုင်းနိုင်ငံအတွင်း နေထိုင်အလုပ်လုပ်ကိုင်ခွင့် ၂ နှစ် သက်တမ်းတိုးရန် အလုပ်သမားတစ်ဦးလျှင် ထိုင်းဘတ် ၁၁၅၀၀ အထိ စက်ရုံက ကောက်ခံနေသည့်အတွက် ဈေးနှုန်းလျှော့ချပေးရန် အလုပ်သမားများ စုဝေး၍ ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုနေကြောင်း ထိုင်းရောက် မြန်မာအလုပ်သမားအရေးလှုပ်ရှားသူ အေအေစီ ကိုရဲမင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဒီဇင်ဘာ ၁၆ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ မြန်မာအလုပ်သမား ၁၀၀၀ ကျော်က အလုပ်သမား နေထိုင်ခွင့် သက်တမ်းတိုးခ စျေးကြီးနေမှုကို စျေးနှုန်းလျှော့ချရေး၊ အမြတ်ကြီး မစားရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုနေကြခြင်း ဖြစ်ကြောင်း သိရှိရသည်။

“အခုချိန်အထိ ဆွေးနွေးညှိနှိုင်းနေတုန်း။ ဒီစက်ရုံမှာ အလုပ်ရှင်သူဌေးရှိတယ်။ ပကန်ဆန်ခုန်လည်း အကုန်ရှိတယ်။ မတရားကောက်တာ။ အလုပ်ရုံဘက်က တစ်ဆင့်ခံအေဂျင်စီကုမ္ပဏီတွေက ဒီလောက် ပမာဏကောက်တာဆိုပြီး ရှင်းပြလို့ အခု အေဂျင်စီတွေ ခေါ်ပြီး ညှိနှိုင်းနေပြီ။ တခြား စက်ရုံတွေဆိုရင် ၆၅၀၀ လောက်ကနေ ၈၀၀၀ လောက်အထိပဲ ပေးရတယ်။ ခု စက်ရုံက နိုင်ငံတကာကို ပို့နေတဲ့ ကြက်သားစက်ရုံ အကြီးကြီးလည်း ဖြစ်တယ်၊ မြန်မာအလုပ်သမားတွေလည်း ၁၀၀၀ ကျော်အထိ ရှိနေတာ ညှိနှိုင်းနေကြဆဲပါ။ ကျွန်တော်တို့ကတော့ လုပ်နည်းလုပ်ဟန်နဲ့ လိုအပ်တဲ့ အကြံဉာဏ်တွေ ပေးနေပါတယ်။” ဟု ထိုင်းရောက်မြန်မာအလုပ်သမားအရေးလှုပ်ရှားသူ အေအေစီ ကိုရဲမင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ထိုသို့ သက်တမ်းတိုး ဝန်ဆောင်ခ ဈေးကြီးနေသည်မှာ Work Permit ၊ Visa ဝန်ဆောင်မှုပေးသည့် အေဂျင်စီများက မတရားဈေးတင်ကောက်ခံနေခြင်းဖြစ်၍ အလုပ်ရှင်၊ အလုပ်သမားနှင့် အေဂျင်စီများ ညှိနှိုင်းနေခြင်းဖြစ်ကြောင်း၊ သက်တမ်းတိုး ဝန်ဆောင်ခ ဈေးနှုန်းကြီးမြင့်သည့်အတွက် ၁၂ လပိုင်းအတွင်း စက်ရုံပေါင်း ၅၀ ဝန်းကျင်ရှိ အလုပ်သမားများ အလုပ်ရုံ စက်ရုံနှင့် ကုမ္ပဏီများကို တောင်းဆိုညှိနှိုင်းမှုများ လုပ်ဆောင်ခဲ့ရကြောင်း သိရှိရသည်။

ထိုင်းနိုင်ငံတွင် အကြမ်းဖက်စစ်ကောင်စီက မြန်မာအလုပ်သမားများထံမှ အခွန်များ ရရှိရေး၊ ဝင်ငွေ ၂၅ ရာခိုင်နှုန်းကို မြန်မာ နိုင်ငံသို့ တရားဝင် ဘဏ်လမ်းကြောင်းမှတစ်ဆင့်ပြန်လည် လွှဲပြောင်းရေးစသည့် မြန်မာအလုပ်သမားနှင့်ပတ်သက်သော စည်းမျဉ်းစည်းကမ်းများ တင်းကျပ်နေသည့်အတွက် အလုပ်သမားများ အခက်တွေ့ကာ အလုပ်လုပ်နေထိုင်ခွင့် သက်တမ်းတိုးရေး စျေးနှုန်းကြီးမြင့်မှုများဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article